Wednesday, September 28, 2016

မမေ့သင့်မပျောက်ကွယ်သင့်သော ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာလက်မှုပညာများ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်


ပအိုဝ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀သည် သမိုင်းကြောင်းခိုင်မာထင်ရှားသောလူမျိုးတစ်မျိုးဖြစ်ပါသည်။ သို့သော်လည်း ပအိုဝ်းတိုင်းရင်းသားလူမျိုးတို့သည်မိမိ၏ကိုယ်ပိုင်သမိုင်းများကို အစဉ်ထာဝရတန်ဖိုး မထားရှိခြင်းကြောင့်မှေးမှိန်ခြင်းများဖြင့်လည်းမကင်းနိုင်ခဲ့ပေ။ တချို့အသိပညာရှင် အတတ်ပညာရှင်များသည် မိမိတို့၏အသိပညာ၊ အတတ်ပညာများကို လျှို့ဝှက်ဖုံးကွယ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် နောင်လာနောက်သားလူငယ်များသည် မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကောင်းစွာမသိရှိရဘဲ ဇဝေဇ၀ါဖြင့် ဘ၀ကိုဖြတ်သန်းခဲ့ကြရပါသည်။ မိမိတို့ ပအိုဝ်းလူမျိုးကိုယ်ပိုင်သမိုင်း အထင်အရှားရှိနေခြင်းကိုယနေ့ခေတ်လူငယ်များသည် ကျမ်းစာအဖုံဖုံစုံလင်စွာလေ့လာမှတ်သားရမှသာလျှင် မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုအမွှေအနှစ်များထင်ရှားရှိနေခြင်းကိုသိရမည်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်းများအကြောင်းကိုလေ့လာကြစို့။ ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်ပစ္စည်းများမှ “တောင်းပျာ” သည် ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်တစ်ခုဖြစ်သည်။ ခါးပတ်တွင် ချိတ်တွဲယူဆောင်ထားပြီးဓားနှင့်အခြားပစ္စည်းများထည့်ရန်ရည်ရွယ်ပြုလုပ်ထားသောအရာဖြစ်၍ နှီးဝါးဖြင့် ယက်လုပ်ထားသောလက်မှုပညာတစ်မျိုးပင်ဖြစ်သည်။ အထူးသဖြင့် လက်သမားများအတွက် စူး၊ ဆောက်၊ တူ၊ သံထည့်သွင်းယူဆောင်ရန် အသုံးပြုသောပစ္စည်းတစ်မျိုးဖြစ်ပါသည်။ “ဖော့” သည် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာလက်မှုပညာဖြစ်၍ ၀ါးနှီးဖြင့်ယက်လုပ်ထားသည့် မြန်မာအခေါ် ပလိုင်း အမျိုးအစား ခြင်းတောင်းတစ်မျိုး ပင်ဖြစ်သည်။ “မေနော်” သည် ကျေးလက်နေတောင်သူလယ်သမားများ၏ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီးမေနော်သည် အသီးအရွက်ထည့်စရာတောင်းဟုသော်လည်းကောင်း၊ ကြက်သွန်ဖြူနုတ်ရာတွင် အပင်ပြတ်သွားသော ကြက်သွန်ဥကိုသော်လည်းကောင်း၊ သနပ်ဖက်လှော်ပြီးချိန် လှော်ပြီးသနပ်ဖက်ခြောက်ကိုထည့်ရန်သော်လည်ကောင်းအသုံးပြုသောတောင်းတစ်မျိုးဖြစ်သည်။ “ယုံး“ သည် ကျေးလက်နေတောင်သူလယ်သမားများ၏ အသုံးအဆောင်တစ်ခုဖြစ်ပြီး စပါးထည့်ရန် အထူး ယက်လုပ်ထားသော တောင်းကြီးတစ်မျိုးဖြစ်သည်။ “ကျောက်ကျီနှင့် လုံးခြွ” ကျောက်ကျီသည် နွားချေးကျုံးရာတွင် အသုံးပြုသောအရာတစ်မျိုးဖြစ်ပြီး “ကျောက်ကျီ”နှင့် တွဲဖက်အသုံးပြုရန်အတွက် “လုံးခြွ” နှင့်တွဲသုံးမှသာလျှင် နွားချေးကျုံးရန်အဆင်ပြေမည်ဖြစ်သောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် “ ကျောက်ကျီနှင့်လုံးခြွ” နှစ်မျိုးတွဲသုံးနေသည်ကို မြင်တွေ့နေရပါသည်။ “ထီဆေ့” သည် ရေထည့်ရန် အတွက်ဗူးသီးကို ပြင်ဆင်ပြုလုပ်ထားသောအရာတစ်မျိုးဖြစ်ပြီး တရားနာရေစက်ချရာတွင် သော်လည်းကောင်း၊ တောင်သူလယ်သမားများ ခြံသွားရာတွင် သောက်စရာရေးဗူးအဖြစ်သော်လည်းကောင်း၊ ခရီးသွားရာတွင် ခရီးဆောင်ရေဗူးအဖြစ်သော်လည်ကောင်း ပအိုဝ်းတိုင်းရင်းသားတို့၏ အသုံးအဆောင်တစ်မျိုးပင်ဖြစ်သည်။ “ ခြောင်းပွေး“ သည် သနပ်ဖက်လုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးပြုသောကိရိယာတစ်မျိုးဖြစ်ပြီး လှော်ပြီးသောသနပ်ဖက်များကို အရွက်လိုက်ရွေးပြီးခွေထည့်စရာအဖြစ် ခြောင်းပွေးကိုအသုံးပြုကြပါသည်။ ခြောင်းပွေးသည် သနပ်ဖက်တစ်မျိုးတည်းကိုသာအသုံးပြုနေသည်ကို မြင်တွေ့နေရပါသည်။ “ သွုမ်တွိုင်” သည် ကျေးလက်နေပအိုဝ်းတိုင်းရင်းသားများ၏ အိမ်တိုင်းအိမ်တိုင်းတွင် မီးဖိုပေါ်၌တပ်ဆင်ထားသော ကိရိယာတစ်မျိုးဖြစ်ပြီး “ ထီတတောက်နှင့် ထီဆေ့” များသည်လည်း ‘သွုမ်တွိုင်’ ပေါ်တွင် တင်လေ့ရှိပါသည်။ “တောင်းပွို” သည် ပအိုဝ်းတိုင်းရင်းသားများ၏ အသုံးအဆောင်လွယ်အိတ်ဖြစ်ပြီး ခရီးသွားရာတွင်သော် လည်းကောင်း၊ ခြံသွားရာတွင်သော်လည်းကောင်းအသုံးပြုကြပါသည်။ ပအိုဝ်းတိုင်းရင်းသားများ၏ ရိုးရာ “တောင်းပွို” များသည် ကိုယ်ပိုင်ဟန်များဖြင့်အရောင်မျိုးစုံယက်လုပ်ကြပြီး လူကြိုက်အများဆုံးဖြစ်သော အရာတစ်မျိုးပင်ဖြစ်သည်။ “ဖွိုင်ဟံး” သည် ကျေးလက်နေပအိုဝ်းတိုင်းရင်းသားများ၏ နေအိမ်တွင် ယနေ့တိုင်အသုံးပြုနေသည်ကို မြင်တွေ့နေရပါသည်။ “နကဲင်း” သည် ပေါင်းရှင်းရာတွင်လည်းကောင်း၊ မြက်ခင်းပင်များကိုရှင်းလင်းရာ၌လည်းကောင်း ကျေးလက်နေတောင်သူ လယ်သမားများ၏ အသုံးပြုသော အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်သည်။ “လမ်းပ” သည် ပအိုဝ်းတိုင်းရင်းသားများ၏ ခေါင်းပေါင်းရန်အတွက် အသုံးအဆောင်တစ်မျိုးဖြစ်ပြီးအမျိုးသားများအတွက် “ကတူးပေါက်”ဟုခေါ်ဆိုပြီးမိန်းကလေးများအတွက် “ပ၊ လမ်းပ” နေရာဒေသအလိုက် အမျိုးမျိုးခေါ်ဆိုလေ့ရှိကြပါသည်။ ပအိုဝ်းတိုင်းရင်းသားများပွဲလမ်းသဘင် ကျင်းပသောနေရာများတွင် ပအိုဝ်းရိုးရာဝတ်စုံများကို ၀တ်ဆင်ပြီး “တ၊ပ” များကိုခေါင်းပေါ်ပေါင်းပြီး အသုံးပြုကြပါသည်။ “ကတူးချဲ့” သည် ပအိုဝ်းအမျိုးသမီးများ အလှအပ၀တ်စားဆင်ယင်သည့်အခါတွင် အသုံးပြုလေ့ရှိသောရိုးရာ “ဆံထိုး” တစ်မျိုးပင်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားများ၏ မမေ့သင့်မပျောက်ကွယ်သင့်သောရိုးရာလက်မှုပညာများကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ပြီး ပအိုဝ်းတိုင်းရင်းသားများ၏ အသုံးအဆောင် ရိုးရာပစ္စည်းများကို မပပျောက်အောင် လူကြီးများ၊ သမိုင်းပညာရှင်များနှင့်လူငယ်များက၀ိုင်းဝန်းဆက်လက်ထိန်းသိမ်းမှသာလျှင် မျိုးဆက်သစ် အနာဂတ်ပအိုဝ်းလူငယ်များသည်လည်း တန်ဖိုးရှိသောရှေးဘိုးဘွား၊ ဘေး၊ ဘီဘင်ချန်ထားပေးခဲ့သော အမွှေအနှစ်များကိုကောင်းစွာ ဆက်လက်ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပါသည်။ ပအိုဝ်းရိုးရာလက်မှုပညာများသည် ကျေးလက်နေပအိုဝ်းတိုင်းရင်းသားများ၏ ကျေးရွာတိုင်း၊ ကျေးရွာတိုင်းသိရှိပြီးဖြစ်သည့်အတွက် ရိုးရာလက်မှုပညာများကိုဆက်လက်ထိန်းသိမ်းနိုင်ရန်မှာ ပအိုဝ်းတိုင်းရင်းသားများ အားလုံးလူတိုင်း တာဝန်ရှိကြသည်ဟု မိမိယုံကြည်ပါသည်။ ပအိုဝ်းရိုးရာအသုံးအဆောင်ပစ္စည်းများကို စာရေးသူအနေဖြင့် သိရှိသလောက်သာတင်ပြရေးသားခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် ထပ်မံရှာဖွေဖတ်ရှုကြပါရန် တင်ပြရင်းနိဂုံးချုပ်အပ်ပါသည်။

ကိုးကားချက် ။ ။ ပြည်ထောင်စုထဲကပအိုဝ်း ။ 
မျင်းမိုရ်ခမ်းမူးပေး
Powered by Blogger.