Thursday, September 1, 2016

နိုင်ငံရေပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်း ပြောကြား

တောင်ကြီး၊၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်


“ယခုအစိုးရလက်ထက်တွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်ဟု မျှော်လင့်ထားကြောင်း”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ စက်တင်ဘာ (၁)ရက်၊ နေပြည်တော် MICC-2 တွင် ကျင်းပပေးသော ၂၁-ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံ ဒုတိယနေ့၌ မီဒီယာများကို ဥက္ကဌ ဦးခွန်မြင့်ထွန်းက မီဒီယာများကို ဤကဲ့သို့ ပြောထားပါသည်။ ၎င်းက “ဒီကနေ့ ဖြစ်တည်လာတဲ့ ပြည်သူ့အစိုးရဆိုတာ တနည်းအားဖြင့် နိုင်ငံရေးအစိုးရ ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံရေးအစိုးရလက်ထက်မှာ နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမှာ မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ အများကြီး ယုံကြည်မျှော်လင့်ပါတယ်” ဟု ပြောသည်။ ထို့ပြင် ယခင် အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်၌ နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်သူလူထု ပါဝင်မှုမရှိဘဲ ယခုဖြစ်စဉ်၌ ပြည်သူများအနေနှင့် နိုင်ငံရေးတွင် ပါဝင်ဆွေးနွေးနေကြောင်း၊ နိုင်ငံတကာမိသားစုနှင့် ပြည်သူလူထုအားပေးကူညီမှု ရရှိနေသဖြင့် အောင်မြင်လိမ့်မယ်ဟု မျှော်လင့်ကြောင်းလည်းပြောသည်။ အဆိုပါ ညီလာခံတွင် (၁) ငြိမ်းချမ်းရေး           လုပ်ငန်းစဉ်ကြီး အောင်မြင်စေရေးအတွက် ပြည်ထောင်စုဖွား ညီနောင်များအားလုံး အပြည့်အ၀ပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ (၂) တန်းတူရည်တူ ဖက်ဒရယ်မူဖြင့် ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန်၊ (၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ခြင်းနှင့်အတူ တည်ငြိမ်အေးချမ်းသော ညီညွတ်သောရှမ်းပြည်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ (၄) ပအိုဝ်းအမျိုးသားပြည်နယ် ပေါ်ထွန်းရေးအတွက် မည်သည့်အကြမ်းဖက် နည်းလမ်းများကိုမှ အသုံးမပြုဘဲ ဥပဒေဘောင်အတွင်းက နိုင်ငံရေးနည်းလမ်းများနှင့် ဆောင်ရွက်သွားရန်၊ (၅) စစ်ရေးပဋိပက္ခအပါအ၀င် အင်အားသုံး ဖြေရှင်းမှုများနှင့် မည်သည့်ထိပ်တိုက် ရင်ဆိုင်မှုမျိုးကိုမဆို အင်အားစုအားလုံးက သတိထားရှောင်ကျဉ်ပေးကြပါရန်၊ (၆) ဒီမိုကရေစီရေး တိုင်းရင်းသားရေး လှုပ်ရှားများနှင့် ဆက်နွယ်ထိန်းသိမ်းဖမ်းဆီးခံထားရသူများအားလုံးကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်ပရောက် ဒီမိုကရေစီရေး တိုင်းရင်းသားရေးလှုပ်ရှား ဆောင်ရွက်နေသူများကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက စီစဉ်ဆောင်ရွက် ပေးရန် စသည့် အမြင်သဘောထားများ တင်ပြသွားကြောင်း၊ ညီလာခံသို့ PNLO မှ နာယက ဦးခွန်ဥက္ကာ၊ ဥက္ကဌ ဦးခွန်မြင့်ထွန်းနှင့်အတူ ကိုယ်စားလှယ် (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဒီကနေ့ ညီလာခံတွင် အဖွဲ့အစည်းအားလုံးသည် ကန့်သတ်ချက်မရှိဘဲ မိမိတို့အမြင်သဘောထားများကို လွတ်လပ်စွာ တင်ပြနေကြပြီး ထိုသို့တင်ရာတွင် မတူညီသော အယူအဆ အမျိုးမျိုးထွက်ပေါ်လာသည်ကို တွေ့မြင်နေရမည် ဖြစ်ကြောင်း၊ အဆိုပါ မတူညီသော အယူအဆများကို နောက်ပိုင်းတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ဆိုထားပါသည်။ ထိုမတူညီသော အယူအဆများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးညီလာခံ သဘာပတိ ပဒိုစောကွယ်ထူးဝင်း(KNU-အထွေထွေအတွင်းရေးမှူး) ကလည်း ကျွနှ်ပ်တို့တွင် မတူညီသော အယူအဆများ ရှိနေမည်ဖြစ်ကြောင်း၊ ထိုမတူကွဲပြားသော အယူအဆများကို ပွင့်ပွင့်လင်းလင်းအောင်မြင်အောင် ညှိနှိုင်းစေလိုကြောင်း နိဂုံးချုပ် အမှာစကားတွင် ပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့  (PNLO)သည် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ(၁၅)ရက် တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရှိရပါသည်။
          
ခွန်ထင်;လေအောင်;

Powered by Blogger.