Friday, September 2, 2016

အတွင်းရေးမှူး(၂)ဦးခွန်ထွန်းရွှေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အမြင်သဘောထားစာတမ်းကို ဖတ်ကြားတင်ပြ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍  ဒီကနေ့ စက်တင်ဘာ(၁)ရက်၊ နေပြည်တော် MICC-2 တွင် ကျင်းပပေးသော ၂၁-ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံ ဒုတိယနေ့၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အမြင်သဘောထားစာတမ်းကို အတွင်းရေးမှူး(၂) ဖြားခွန်ထွန်းရွှေက ဖတ်ကြားတင်ပြခဲ့ပါသည်။
ထို့သို့ ဖတ်ကြားတင်ပြရာတွင် ကျွနှ်ပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီ နှစ်များစွာကတည်းကပင် ပြည်ထောင်စုလူမျိုးပေါင်းစုံတို့နှင့် အေးအတူပူအမျှ ဥမကွဲသိုက်မပျက်ဘဲ ချစ်ကြည်ရင်းနှီးစွာ စုစည်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈/၂၀၁၅-ခုနှစ်တွင် တိုင်းရင်းသား လူမျိုးဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသောလူမျိုးများကို ဆိုလိုသည်ဟု ပြဌာန်းထားကြောင်း၊ အနာဂတ်တွင် တည်ဆောက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးများဟု ခေါ်တွင်မည့်အစား ပြည်ထောင်စုလူမျိုးဟု ခေါ်ဆိုခြင်းသည် ပို၍မျှတပြီး ပို၍အဓိပ္ပာယ်လေးနက်စေမည်ဟု အကြံပြုတင်ပြအပ်ပါကြောင်း။
ပြည်ထောင်စုကြီးသည် ပြည်ထောင်စုလူမျိုးများ စုစည်းနေထိုင်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဤညီလာခံကြီးမှအစပြု၍ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုလူမျိုးများအားလုံးအတွက် အပြည့်အ၀အာမခံချက်ရှိသော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို ဖော်ဆောင်ပေးနိုင်မှသာလျှင် ပြည်ထောင်စုဖွား လူမျိုးများအားလုံးကို လိုလားတောင့်တသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဒီမိုရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုလူမျိုးများ နေထိုင်ရာဒေသကို အကြောင်းပြု၍ ဒေသန္တရပထ၀ီဝင်ကို အခြေခံသည့် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်သွားရန် အကြံပြုအပ်ပါကြောင်း၊ ဆိုလိုသည်မှာ ရှိရင်းစွဲလူမျိုးစု နေထိုင်ရာဒေသကို စုစည်း၍ ပထ၀ီဝင်အနေအထားအရ နယ်မြေသတ်မှတ်ပြီး လူမျိုးနှင့် ဒသန္တရပထ၀ီဝင်ကို အခြေခံထားခြင်းဖြစ်ကြောင်း။
၁၉၄၇-ခုနှစ် ဖဆပလ ပဏာမ ညီိလာခံတွင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ညှိနှိုင်းရေးဆွဲကြရာ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက လွတ်လပ်၍ အချုပ်အခြာအဏာပိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ပြည်ထောင်စုဝင်ပြည်နယ် သတ်မှတ်ရာတွင် အောက်ပါဂုဏ်အင်္ဂါရပ်(၇)ရပ်ကို အခြေခံခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ-
(၁) ပထ၀ီအနေအထားအရ နယ်နမိတ်အထင်အရှားရှိခြင်း။
(၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတစ်မျိုးတည်ရှိခြင်း။
(၃) ယဉ်ကျေးမှုတစ်မျိုးတည်ရှိခြင်း။
(၄) ရာဇာဝင်အစဉ်အလာတစ်မျိုးတည်းရှိသော လူစုရှိခြင်း။
(၅) စီပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုရှိသော လူစုရှိခြင်း။
(၆) လူဦးရေ အတော်အတန်ရှိခြင်းနှင့်
(၇) ပြည်ထောင်စုအဖွဲ့ဝင် ဒေသတစ်ခုအဖြစ်ဖြင့် မိမိကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေထိုင်လိုသော ဆန္ဒရှိခြင်း တို့ပင် ဖြစ်ကြောင်း။
ဖော်ပြပါ ဂုဏ်အင်္ဂရပ်နှင့် ပြည့်စုံသော တိုင်းရင်းသားလူမျိုးများကို ၁၉၄၇နှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ပြည်နယ်များ သတ်မှတ်ပြဌာန်းပေးခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ကိုပါ ဖွဲ့စည်းသတ်မှတ်ပေးခြင်းများ ရှိခဲ့ပါကြောင်း၊ ထို့အတူ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် အခြေခံဂုဏ်အင်္ဂါရပ်များနှင့် ပြည့်ုစုံသော ပြည်ထောင်စု လူမျိုးများအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံချက် အပြည့်အ၀ပေးနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ၊ ပြည်ထောင်စုဝင်ပြည်နယ်များနှင့် တိုင်းဒေသကြီးအသစ်များ ပေါ်ထွန်းရေး အခြေခံမူကို ထည့်သွင်းရေးဆွဲပေးရန် အလေးအနက် တင်ပြအပ်ပါကြောင်း။

လူမှုရေး၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံသားအားလုံးသည် ဥပဒေအရာတွင် တန်းတူညီမျှမှု အခွင့်အရေးနှင့် အကာအကွယ်ရယူပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးစနစ် တို့တွင်လည်း ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်အညီ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်ရာတွင် လွတ်လပ်ပြီး အာမခံချက် အပြည့်အ၀ရှိသော ဗဟိုချုပ်ကိုင်မှုနည်းသောစနစ်ကို ဖော်ဆောင်ပေးရန် အကြံပြု တင်ပြအပ်ပါကြောင်း။
လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးအတွက် တစ်ခုတည်းသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရန်နှင့် ၎င်းတပ်မတော်တွင် ပြည်ထောင်စုလူမျိုးများကို အချိုးကျပါဝင်ထမ်းဆောင်ခွင့်နှင့် လူမျိုးဘာသာ လိင်ကွဲပြားမှုအပေါ် မခွဲခြားဘဲ အရည်အချင်းနှင့် လုပ်သက်အလိုက် ရာထူးရပိုင်ခွင့်ရှိစေရမည့်အပြင် အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ်ကို ဖော်ဆောင်ရမည့်အပြင် ပြည်သူကို ဗဟိုပြုသော ပြည်သူအုပ်ချုပ်ရေးစနစ်နှင့် လုံခြုံရေးစနစ်ကို ဖော်ဆောင်ပေးရန် အကြံပြုတင်ပြအပ်ပါကြောင်း။
ထို့ပြင် မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ နိုင်ငံသားတိုင်းသည် မြေယာဥပဒေနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် ရှိရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလူမျိုးများ၏ သဘာဝဓလေ့ထုံးတမ်းအရ လွတ်လပ်စွာ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိစေသည့် စနစ်ကို ဥပဒေနှင့်အညီ အသိအမှတ်ပြု ဖော်ဆောင်ပေးသင့်ကြောင်း၊ သဘာဝသယံဇာတနှင့် ဆက်နွယ်သော လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံသားနှင့် ဌာနေပြည်ထောင်စုလူမျိုးများ၏ လူနေမှုဘ၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း။
ပြည်ထောင်စုဝင် ပအိုဝ်းတိုင်းရင်းသားတို့သည် ပထမမြန်မာနိုင်ငံတော် မတည်ထောင်မီကတည်းက တောင်သူပအူလူမျိုးဟု သုတေသီသမိုင်းကျောက်စာများ၏ ရေးသားဖော်ပြချက်အရ ရှေးကျသော လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ လွိုင်လင်၊ မောက်မယ်၊ နမ့်စန်၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ ဖယ်ခုံ၊ ပင်းတယ၊ ရွာငံ၊ မိုင်းကိုင်၊ လဲချား၊ မိုးနဲ၊ မိုင်းပန်၊ လင်းခေးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အသီးသီးပျံ့နှံ့စွာ နေထိုင်လျက်ရှိကြောင်း၊ မိမိတို့ ပအိုဝ်းလူမျိုးများသည် လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်နှင့် ပြည့်စုံသည့်အပြင် ကဏ္ဍကြီး(၅)ရပ်ဖြစ်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် စသော ကဏ္ဍအသီးသီးတွင် ပအိုဝ်းလူမျိုးများအနေဖြင့် စီမံခန့်ခွဲနိုင်သည့် အရင်းအမြစ်များ အသင့်ပြည့်စုံနေပြီးဖြစ်သည့်အပြင် လက်ရှိပကတိအခြေအနေအရ ပအိုဝ်းလူမျိုးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်သော်လည်းကောင်း၊ ပြည်ထောင်စုဝင် ပြည်နယ်အသစ်များ ပေါ်ထွန်းရာတွင် လည်းကောင်း၊ ထိုက်တန်သော လူမျိုးတစ်မျိုးဖြစ်သဖြင့် နောင်တည်ဆောက်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတွင် ခံစားသင့်ခံစားထိုက်၊ ရသင့်ရထိုက်သော အခွင့်အရေးများကို အခြားလူမျိုးများနည်းတူရရှိရေးအတွက် ဖော်ဆောင်ပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါကြောင်း ဟု ဖတ်ကြားတင်ပြသွားခဲ့ပါသည်။
အဆိုပါ ၂၁-ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံ ဒုတိယနေ့တွင် ပဒိုစောကွယ်ထူးဝင်း(ကရင်အမျိုးသားအစည်းအရုံး-KNU)၊ ဦးတင့်ဆွေ(နိုင်ငံတော် သမ္မတရုံး)၊ ဦးခွန်မောင်သောင်း(ပြည်သူ့လွှတ်တော်)၊ ဗိုလ်ချုပ် စိုးနိုင်ဦး(တပ်မတော်)နှင့် ဦးဥာဏ်ဝင်း(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)တို့ကို သဘာပတိများ တင်မြှောက်ကာ အစိုးရအဖွဲ့၊ KNU၊ NLD၊ လွှတ်တော်၊ KPC၊ ALP၊ လီဇူးအမျိုးသားဖွံ့ဖြိုးရေးပါတီ၊ RCSS၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ အစိုးရ၊ UWSA၊ EAO၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ DKBA၊ CNF ၊ SNLD၊ NDAA၊ PNLO၊ PNO၊  ZRO၊ ABSDF စသော အဖွဲ့အစည်း (၃၃)ဖွဲ့မှ အမြင်သဘောထားစာတမ်းကို ဖတ်ကြားတင်ပြကြကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.