Wednesday, October 5, 2016

ကျွန်တော်နှင့် အညိုရောင်နယ်မြေ ကျောက်မဲခရီးစဉ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်




ကျွန်တော်သည် မောင်းမွူးခံ,ဂျာနယ်အယ်ဒီတာ၏ ခွင့်ပြုချက်ဖြင့် Internews အဖွဲ့မှ ခေါ်ယူသော ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေးသတင်းခန်းကို တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ အဆိုပါ Internews၏ သင်တန်းစီစဉ်မှုဖြင့် ရန်ကုန်မှ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိရာသို့ ကျွန်တော်နှင့် သင်တန်း အဖွဲ့သားများ စစ်ဘေးရှောင် ပြည်သူတို့နှင့် တွေ့ဆုံရန် ခရီးနှင်ခဲ့သည်။ (၁၆)နာရီခန့် ကားစီးရသောခရီးကို ကွေ့ကောက်၍ ချစ်စရာကောင်းသော ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းက ကြန့်ကြာမှုကို ပေးနေသကဲ့သို့ပင်။ နံနက် ငါးနာရီခွဲတွင် ရန်ကုန်မှ ထွက်လာသော ကျွန်တော်တို့အဖွဲ့သားများသည် ညနေ ၉ နာရီကျော်မှ ကျောက်မဲသို့ ရောက်ခဲ့ကြရာ အေးမြသော လေပြည်လေညင်းလေးနှင့်အတူ မြို့ကလေးက ကြိုဆိုနေလေသည်။
ရောက်သည့်အချိန်သည် ညမိုးချုပ်နေပြီဖြစ်သောကြောင့် ကျောက်မဲ၏ အလှအပကို မခံစားနိုင်ခဲ့သော်လည်း နံနက်မိုးလင်းပြီး  ကျွန်တော်တို့ တည်းခိုသော ဟိုတယ်ပေါ်မှ ကျောက်မဲမြို့ကို လှမ်းကြည့်သောအခါ တောက်ပသော နေမင်းကြီးက ကျောက်မဲမြို့ အလှတရားနှင့် သွားလာလှုပ်ရှားနေသော ကျောက်မဲမြို့ဒေသခံများကို ရသမျိုးစုံဖြင့် ပြသပေးနေလေ၏။ နေမင်းအလင်း၏ ဖန်သားပြင်ပေါ်တွင် ပုံစံမျိုးစုံဖြင့် လှုပ်ရှားနေသော ကျောက်မဲမြို့ရှိ ဒေသခံများကို ကြည့်ရင်း ကျွန်တော်သည်လည်း နေမင်းကြီး၏ အလင်းရောင်ထဲသို့ ရောက်နေသည်မှန်း သတိထားမိခဲ့သည်။
ကျောက်မဲမြို့ကို ပထမအကြိမ် စရောက်ခြင်းဖြစ်သောကြောင့် မြို့နေရာအစုံကို လိုက်ကြည့်ချင်လိုသောစိတ်သည် ကျွန်တော်အပါအ၀င် သင်တန်းသား ကိုယ်စီတွင် ရှိနေကြ၏။ သို့သော် စစ်ဘေးရှောင်ပြည်သူများကို သွားရောက်တွေ့ဆုံမေးမြန်းရန်အတွက် အစည်းအဝေးခေါ်သောအခါ ကျွန်တော်တို့ကို Internews သင်တန်းနည်းပြ တစ်ဦးက “ ငါတို့ ဒီနေရာမှာ သွားချင်တိုင်း သွားလို့မရဘူး၊ လုံခြုံရေးက ငါတို့ကို လိုက်ကြည့်နေတယ်၊ အဲဒါကြောင့် ကိုယ့်သဘောနဲ့ ကိုယ်သွားချင်တိုင်း သွားလို့မရဘူး” ဟု ပြောလိုက်သောအခါ ကျွန်တော့်၏စိတ်ထဲတွင် ကြောက်စိတ်အနည်းငယ်ဝင်သွားမိ၏။
ထိုအချိန်မှာပင် ကျွန်တော်တို့ စစရောက်ခြင်းညကို ပြန်တွေးကြည့်သောအခါ အမှန်တကယ် ဖြစ်နေသည်ကို သတိထားမိသည်။ စရောက်သောညတွင် အရပ်သားဝတ်စုံဖြင့် လူသုံးလေးယောက် ကျွန်တော်တို့အဖွဲ့များကို လာရောက်မေးမြန်းသည်ကို တွေ့လိုက်ရ၏။ ထိုအခါ ကျွန်တော်၏ စိတ်ထဲတွင် ကျောက်မဲမြို့နယ်တွင် လုံခြုံမှုအပြည့်အ၀ မရှိသေးဟု ကိုယ့်ဘာသာကောက်ချက်ချမိသည်။
ထို့နောက် ကျွန်တော်တို့အဖွဲ့သားများကို တာဝန်ယူလမ်းပြပေးမည့် ကျောက်မဲမြို့ဒေသခံ ဇီဝိတ လူမှုရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်းနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။ ထို့သို့ တွေ့ဆုံသောအခါ ကျွန်တော်တို့အဖွဲ့မှ သိသင့်သိထိုက်သော ကျောက်မဲမြို့၏ အခြေအနေ၊ အကောင်းအဆိုးများကို ပြောပြပေးရန် မေတ္တာရပ်ခံသောအခါ သူက ကျောက်မဲမြို့၏ လက်ရှိအခြေအနေ၊ ယခင်ကအခြေအနေ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများ၊ မူးယစ်ဆေးဝါးအခြေအနေများကို သိရှိခဲ့ရသည်။
ထိုသို့ ဒေသအခြေအနေများထဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဦးတင်မောင်သိန်းက “ မူးယစ်ဆေးဝါးက ဘယ်လောက်ဆိုးသလဲ ဆိုလို့ရင် တစ်ချို့ရွာတွေက  လူပျို၊ အပျို မကျန် သုံးစွဲနေတာရှိတယ်” ဟု ပြောသောအခါ မူးယစ်ဆေးဝါး၏ အန္တရာယ်ကို ခန့်မှန်းမိလိုက်သည်။
အဘယ့်ကြောင့်  မူးယစ်ဆေးစွဲသုံးစွဲမှု များနေရသနည်း၊ ထိုသို့ ဖြစ်နေရခြင်းသည် တရားခံက အဘယ်နည်းဟုလည်း မိမိဘာသာ မေးခွန်းထုတ်နေမိ၏။ ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ မူးယစ်ဆေးသုံးစွဲခွင့်များပါ ပေးနေသလောဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့မိပါသည်။
ယင်းနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီRCSS နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အထက်တန်းပညာသင်ကြားမှု အခက်အခဲကြုံနေရသောကြောင့် ကျောက်မဲသို့ ပြောင်းရွှေ့ စာသင်နိုင်ရန် စီစဉ်ပေးနေသည့် မေတ္တာအိုးဝေ အခမဲ့ အထက်တန်းဘော်ဒါကျောင်းရှိ ကျောင်းသား/သူအချို့များကို သွားရောက် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မေတ္တာအိုးဝေ ဘော်ဒါကျောင်းဆောင် ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ဘော်ဒါဆောင်တာဝန်ခံ ကိုသားဇော်နှင့်  ဘော်ဒါကျောင်းဆောင်တွင် စာသင်ကြားပေးနေသော ဦးမိုင်းအိုက်ကွန်းတို့က နေထိုင်စားသောက်မှု၊ သင်ကြားရေးအပိုင်းများကို ပြောပြခဲ့သည်။ ထိုသို့ ရှင်းပြရာတွင် မိုင်းအိုက်ကွန်းက “ ဒီကို ရောက်လာတဲ့ကလေး တော်တော်များများက သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို မေးကြည့်တဲ့အခါ ကိုယ့်ဒေသမှာဘဲ အေးအေးချမ်းချမ်း စာပြန်သင်ချင်တယ်ဆိုပြီးတော့ ပြောကြတယ်” ဟု ဆိုလိုက်သောအခါ ကျွန်တော်သည် အဆိုပါ ကျောင်းသား/သူများကို ကိုယ်ချင်းလည်းစာစိတ်ဝင်ခဲ့မိသည်။
စစ်ပွဲသာ မဖြစ်ခဲ့လျှင် သူ့ရွာ သူ့မိသားစုနှင့် မည်မျှပင် ပျော်ပါးနေမလဲဟုလည်း တစ်ဆက်တည်း တွေးမိသည်။  ၄င်းအချက်သည် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များပင် မဟုတ်လော။ ထို့ကြောင့် တိုက်ပွဲသည် လူငယ်များ၏ အနာဂတ်ကို မှေးမိန်သွားစေနိုင်သည်ဟုလည်း တစ်ဆက်တည်း တွေးတောမိသည်။
ဆက်လက်၍ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဥာဏ်နှင့် တွေ့ဆုံပြီး ကျောက်မဲမြို့နယ်နှင့် ပတ်သက်၍ လွှတ်တော်၏ ဆောင်ရွက်မှု အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွှတ်တော်၏ လုပ်ဆောင်နေသောအပိုင်းများကို မေးမြန်းခဲ့ကြပါသည်။ စိုင်းထွန်းဥာဏ် ပြောသွားရာတွင် “ကျောက်မဲလုံခြုံမှုကတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တွေနဲ့ နီးစပ်နေတာကိုး ကိုယ့်ကိုပဲကောင်းအောင် နေနေရတယ်။ ဒီမှာနေတယ်ဆိုတာ ဘယ်သူမှ လုံခြုံတယ်လို့ မခံစားဘူး။”ဟူသော စကားကို ကြားရသောအခါ  အခန့်မသင့်လျှင် အန္တရာယ် တစ်ခုခုများ ရောက်လာနိုင်သည် ဟု မထင်ကောင်းသော စိုးရိမ်စိတ်များက အလိုလိုပင် ရောက်လာတော့သည်။ သူ၏ စကားသည် ကျောက်မဲမြို့၏ လုံခြုံရေးအခြေအနေကို မီးမောင်းထိုးသကဲ့သို့ ခံစားနေရ၏။ လက်နက်ကိုင် အဖွဲ့များပြားစွာရှိနေသောကြောင့် ဆင်ဆင်ခြင်ခြင် ပြောဆိုသွားလာမှသာလျှင် တော်ရာကျမည်ဟု အားလုံးက နားလည်ထားဟန် ရှိနေသည်။
ထိုလုံခြုံမှုမရှိဟု ခံစားရသော ကျောက်မဲတွင် ထိုထက် လုံခြုံမှုမရှိသော ဒေသမှ စစ်ဘေးရှောင်များ လာရောက် နားခိုလျက်ရှိသည်။ ယခုလက်ရှိ ကျောက်မဲမြို့တွင် စစ်ဘေးရှောင်ပြည်သူများ ခန့်မှန်း ဦးရေ(၁၀၀၀)၀န်းကျင်ခန့် ပြန့်ကျဲနေထိုင်လျက် ရှိနေသေးကြောင်း၊ ထို့ပြင် တိုက်ပွဲကြောင့် ဘုန်းတော်ကြီး ကျောင်းတွင် ရွေ့ပြောင်းနေထိုင်နေရသော ကလေးများလည်း ရှိနေကြောင်း၊  ဇိဝိတလူမှုရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောပြသည်။ ၄င်းတို့သည် ကျောက်မဲမြို့နှင့် မိုင် ၃၀ ကျော်ခန့် ကွာဝေးသည့် တော့ဆန်ကျေးရွာဘက်မှ ပြောင်းရွှေ့လာကြသူများဖြစ်သည်။
ထိုသူများသည် ဆွေမျိုးအိမ်များတွင် သော်လည်ကောင်း၊ အိမ်ခန်းငှား၍ သော်လည်းကောင်း နေထိုင်ကြသည်။  စားဝတ်နေရေးအတွက် ကျရာအလုပ်နှင့်ပင် ရှားရှားပါးပါး လုပ်ကိုင်စားသောက်နေရ ကြောင်းလည်းသိရသည်။
ကျွန်တော်ကိုယ်တိုင်လည်း  ၄င်းတို့ အိမ်ငှားနေထိုင်ရာ ကျောက်မဲမြို့ (၉)ရပ်ကွက်သို့ သွားရောက်  စုံစမ်းမေးမြန်းခဲ့၏။ ဒေသခံ၏ လမ်းညွန်ချက်ဖြင့် တော့ဆန်မှ စစ်ဘေးကြောင့် ရွှေ့ပြောင်းလာသော သားသမီး(၂)ယောက်နှင့် အမေအိုပါ မသန်စွမ်းဖြစ်နေသောအစ်ကို တစ်ယောက် နေထိုင်သော ရှမ်းအမျိုးသမီးနေအိမ်သို့ ရောက်ရှိခဲ့သည်။
ထိုမိသားစုသည် အိမ်နီးချင်း တိုင်းပြည်တွင် အလုပ်သွားလုပ်နေသော သူ့အမျိုးသား၏ ၀င်ငွေတစ်ခုတည်းကိုသာ အားကိုးနေရရှာ၏။ နေအိမ်ခက တစ်လကို (၃၅၀၀၀)ပေးရသည်ဟု သိရ၏။ သူမက “ အစ်မတို့က အမျိုးသား ရတဲ့ငွေကိုဘဲ အားကိုးနေရတယ် ၊ အစ်မမှာ အမေအိုနှင့် အစ်ကိုတစ်ယောက်က ဘာမှမလုပ်တတ်ဘူး၊ ကျွန်မကလည်း အခုကိုယ်ဝန်နဲ့ဆိုတော့ ဘာမှမလုပ်တတ်ဘူး” ဟု စိုးရိမ်ပူပန်စွာဖြင့် ပြောသောအခါ အလွန်ပင် စိတ်မကောင်းဖြစ်မိသည်။
အဆိုပါ အမျိုးသမီး၏ နေရာတွင် ၀င်ကြည့်လျှင် သူတို့ ဤကဲ့သို့ အိမ်ငှားနေထိုင်ရသည့် ဒုက္ခမှာ မည်မျှပင် အခက်အခဲ ကြုံနေမည်ကို သိရှိနိုင် လိမ့်မည် ဖြစ်သည်။ တိုက်ပွဲဖြစ်နေသည်နှင့် ပတ်သက်၍ ဘာပြောချင်လဲလို့ မေးသောအခါ “ဘာမှမပြောတော့ပါဘူး”ဟု ဖြေခဲ့လေ၏။ သူ့မ၏ မျက်နှာနှင့်အပြုအမူကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုသော ကြောက်စိတ်ကြောင့် မပြောရဲသည်ကို ကျွန်တော် ခန့်မှန်းနိုင်သော်လည်း ဤမေးခွန်းကို ဤမျှနဲ့တင် ကျွန်တော်ရပ်လိုက်ခဲ့လေသည်။
စစ်ဘေးရှောင်ပြည်သူများ အချက်အလက်နှင့် ပတ်သက်၍ အနီးစပ်ဆုံးစာရင်းကို ထိုကျောက်မဲမြို့နယ် အတွင်းရှိ CSO အဖွဲ့အစည်းများအား မေးကြည့်သောအခါ မည်သည့်အသင်းအဖွဲ့မှ မကောက်ယူရကြောင်း ၀မ်းနည်းစွာ သိရှိရ၏။  ဤသို့ ဆိုလျှင် စစ်ဘေးရှောင်ပြည်သူများကို မည်သို့မည်ပုံ ကူညီနိုင်မည်နည်းဟုလည်း တစ်ဆက်တည်း တွေးလိုက်မိသည်။
ထို့အတူ ကျောက်မဲမြို့ ရဲမှူးကို မေးကြည့်ရာတွင်လည်း “ကျွန်တော်တို့က ရှိတယ်လို့ မယူဆဘူး၊ ဘာလို့လဲဆိုတော့ စာရင်းအချက်အလက်တွေက ကျွန်တော်တို့ကို မပို့ပေးလို့ အရင်တုန်းက စစ်ဘေးရှောင် တွေက ပြန်ကုန်ကြပြီလေ”ဟု ပြောသောအခါ အိမ်မပြန်ရဲ၍ အိမ်ငှားနေသောသူများ ဒီစကားကို ကြားလျှင် မည်သို့ပင် ခံစားနေရမည်နည်းဟု တွေးတောမိ၍ သက်ပြင်းချမိသည်။
ထိုသို့ လုံခြုံမှုမရှိသော အိမ်ပြန်ခွင့် မရှိသေးသော သူများအတွက် မည်သူ့ထံတွင် တာဝန်ရှိပါသနည်း။ သူတို့ ဘယ်အချိန် အိမ်ပြန်နိုင်မည်လဲ ဆိုသည်ကိုမေးခွန်းထုတ်မိသည်။
ကျောက်မဲခရီးစဉ်သည်  ကျွန်တော်မရောက်ဖူးသောနေရာဒေသ၏ အလှအပကို ရှုမြင်ခံစားခွင့် ရယူနိုင်ခဲ့သည်ဆိုသော်လည်း လုံခြုံမှုအပြည့်အ၀မရှိသေးသောကြောင့် ပြည်သူများ စိတ်ချမ်းမြေ့မှု အကြောင်းအရာများကို မဖော်ထုတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျွန်တော့်၏ သေးငယ်လှသော တွေ့ရှိချက်နှင့် ကျောက်မဲခရီးကို ပြန်မျှော်ကြည့်လိုက်သောအခါ  ကျောက်မဲမြို့သည် တောင်တန်းများနှင့် လူနေစည်ကားလှပ သောမြို့လေးဖြစ်သော်လည်း ထိုမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများအတွက် လုံခြုံမှု၊ ငြိမ်းချမ်းမှုပေးရန် လိုအပ်နေသေးသည်ဟု မှတ်ချက်ချခဲ့မိပါတော့သည်။

ခွန်ထင်;လေအောင်;
(ခရီးသွားဆောင်းပါး)
(17-9-2016)
Powered by Blogger.