Wednesday, October 5, 2016

တောင်ကြီးမှ ကျောက်တလုံးကြီးသို့ ကားလမ်းအကျယ်တိုးချဲ့

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်





တောင်ကြီးမြို့မှ ကျောက်တလုံးကြီးမြို့သို့ အရင်၁၂ပေလမ်းကို လမ်းဘေးတဘက်တွင် ၃ပေစီ တိုးချဲ့ပြီး ၁၈ပေလမ်းအဖြစ် တိုးချဲ့နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဟိုပုံးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ(ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၏ ၂၀၁၃-၂၀၁၄ခုနှစ်၊ တောင်ကြီးမှ ကျောက်တလုံးကြီးမြို့သို့ အဆင့်မြှင့်တင်ကားလမ်းတိုးချဲ့ခြင်း တံတားများပြုပြင်ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြချက်အရ ၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရ စီမံကိန်းဖြင့် ဦးဇော်မင်းသန်း တောင်ကြီးအဖွဲ့မှ ဦးစီးပြီး တိုးချဲ့လမ်းခင်းပေးလျှက်ရှိကြောင်း ၂၀၁၆-ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့တွင် အလုပ်သမားခေါင်းဆောင် ဦးအောင်ကျော်ဆန်း ထံမှသိရသည်။
၁၈ ပေလမ်း တိုးချဲ့ခင်းရခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို အလုပ်သမားခေါင်းဆောင် ဦးအောင်ကျော်ဆန်းက မှတ်ချက်ပြုရာမှာ ယခုလို လမ်းပန်းဆက်သွယ်ရေးအပိုင်းတွေကို နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးနေမှုများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း ဒေသခံမိဘပြည်သူများ သွားလာရေးအဆင်ပြေပြီး အန္တရာယ်ကင်း ဘေးရှင်းလျက်ရှိပါကြောင်း မိမိတို့လမ်းလုပ်သားအဖွဲ့အနေဖြင့် ၀ါသနာလည်းပါ ကုသိုလ်လည်းရသော လုပ်ငန်းဖြစ်၍ အများပြည်သူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့အတွက်ဆိုရင် ဆက်လက်တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဦးဇော်မင်းသန်း တောင်ကြီးအဖွဲ့မှ ဦးစီးပြီး ကားလမ်းများကို တိုးချဲ့ရုံသာမက ဆွေးမြေးနေသော လမ်းတံတားများ ကျင်းမြောင်းနေသောတံတားများ သစ်သားတံတားများကို ကွန်ကရစ်တံတားများအဖြစ်ကိုလည်း အသစ်တည်ဆောက်ခြင်း အဟောင်းပြုပြင်ခြင်း လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း အလုပ်သမားခေါင်းဆောင် ဦးအောင်ကျော်ဆန်း ပြောပြချက်အရသိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.