Tuesday, December 13, 2016

လူ့အခွင့်အရေးနှင့်ထေရ၀ါဒ ဗုဒ္ဓဘာသာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်



မြန်မာနိုင်ငံမှာ ၂၀၁၀-ကစပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်လာခြင်းနှင့်အတူ ( လူ့အခွင့်အရေး) ဆိုသည့် ဝေါဟာရဟာလည်း ခေတ်စား ရေပန်းစားလာခဲ့ပါတယ်။ နှစ်ပေါင်း (၅၀)ကျော် ပိတ်မှောင်နေတဲ့ စနစ်အောက်မှာ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်တို့တတွေ အခွင့်အရေးတချို့ စားသုံးလာခဲ့ရတယ်။ အရင်ခေတ်နဲ့စာရင် လွတ်လပ်မှု အတန်အသင့် ရရှိနေပြီလို့ပြောရင် မှားမယ်မထင်ပါဘူး။

နိုင်ငံရေးစနစ်လည်း ပြောင်းလာပြီဖြစ်လို့ စနစ်နဲ့အတူ ပါလာတဲ့ စံနုန်းတွေ အနည်းနှင့်အများ ကပ်ပါလာပါတယ်။ အပြောများနေတဲ့ လူ့အခွင့်အရေးလည်း  ပေါ်ပြူလာဖြစ်လာတာ ခုနဲ့ဆို (၆)နှစ်လောက် ရှိလာခဲ့ပါပြီ။ အဲဒီ လူ့အခွင့်အရေးဆိုတာ ဘယ်လိုပါလိမ့်၊ စစ်မှန်တဲ့ အခွင့်အရေးမျိုးလား၊ ဒါမှမဟုတ် ဂလိုဘယ်ရေစီးကြောင်းကနေ မျောပါလာတဲ့ အခွင့်အရေးမျိုးလား၊ အမျိုးဘာသာ သာသနာတည်တံ့ခိုင်မြဲမှုကို ပျက်စီးစေသည့် အခွင့်အရေးမျိုးလား ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။

(သူလည်း လူပဲ၊ လူ့အခွင့်အရေးတော့ ရှိသင့်တာပေါ့) လို့ မဲမဲမြင်တိုင်း အခွင့်အရေးလို့ လုပ်နေရင် အဲဒီအခွင့်အရေးက တစ်ချိန်ကျရင် ကိုယ့်လူမျိုး ကိုယ်ဘာသာ ကိုယ့်သာသနာကို နင်းချေပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှာ ဘာတွေဖြစ်နေလဲဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံ ဘယ်လောက်ထိ လူ့အခွင့်အရေးတွေ ပေးနိုင်သလဲဆိုပြီး လစ်ဘရယ် ပြိုင်ရာကနေ ဂျာမနီက ဒုက္ခသည် တော်တော်များများကို လက်ခံလိုက်တယ်။ ခု-အဲဒီဒဏ်ကို စခံနေရပါပြီ။ တစ်ချိန်က အင်ဒိုနီးရှား ၊ မလေးရှားတို့ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လျက်နဲ့ ခု အလုံးစုံပြောင်းလဲသွားခဲ့ပါပြီ။ ခု - မြန်မာနိုင်ငံ ရခိုင်ဖက်မှာလည်း လက်တွေ့ အကြမ်းဖက်မှုဒဏ်ကို ခံနေရပါပြီ။ သင်္ခန်းစာယူတတ်ဖို့ လိုပါတယ်။

ယဉ်ကျေးမှု၊ တန်ဖိုးထားမှု တွေဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်ဒေသနှင့်တစ်ဒေသ မတူပါဘူး။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံပါ။ ထေရ၀ါဒ ဗုဒ္ဓရဲ့ အဆုံးအမ၊ သိမ်မွေ့တဲ့ ယဉ်ကျေးမှုတွေအောက်မှာ ရှိနေခဲ့တဲ့ နိုင်ငံပါ။ ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီး၊ လင်နှင့်မယား တွေမှာ အဖိုးမဖြတ်နိုင်တဲ့ ကျင့်ဝတ်တွေ ရှိနေပြီးသားပါ။ သို့သော် အခွင့်အရေးဆိုပြီး ဂါရ၀တရားတွေ၊  ကျင့်ဝတ်တွေ အနှစ်သာရပြည့်ဝတဲ့ လောကပါလတရားတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာပါပြီ။

ပေါ်ပြူလာနှင့် အာဏာများအတွက် ဗုဒ္ဓက အဟန့်အတားဖြစ်နေသလို လူ့အခွင့်အရေးဆိုပြီး  ကိုယ့်ကိုယ်ကို ခေတ်မှီလှပါတယ်ဆိုတဲ့ အပေါစား ခံယူချက်တွေမှာ တဖြည်းဖြည်းနဲ့ လူငယ်တွေမှာရော ကပ်ညှိနေပြီဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီဆိုတာ ဗုဒ္ဓရဲ့ ၀ါဒပါပဲ၊  လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်၊ လွတ်လပ်စွာ ရေးခွင့်ရှိပါတယ်။ ဘယ်လိုနေထိုင် ပြောဆိုရမယ်၊ ဘယ်လိုတရားတွေကို ကျင့်သုံးရင် ဘယ်လိုအကျိုးတွေ ရနိုင်တယ်၊ ဘယ်လိုမကောင်းတာတွေကို လုပ်ရင် ဘယ်လိုအကျိုးတွေကို ခံစားရမယ်ဆိုတာ  အပြည့်အစုံ ဗုဒ္ဓက ဟောကြားပြီးသားပါ။ ငါကလွဲပြီး ဘယ်သူမှ ဘုရားမဖြစ်ရဘူးဆိုတဲ့  အတ္တမျိုးလည်း မရှိပါဘူး၊ ဘယ်သူမဆို မိမိလို ကြိုးစားရင် မိမိလို ဘုရားလည်းဖြစ်နိုင်တယ်ဆိုတဲ့ လူတိုင်းအခွင့်အရေးကို ဟောပြောခဲ့ပြီးသားပါ။ ငါ့ကို မကိုးကွယ်ရင် ဘယ်ကို ပို့ပစ်လိုက်မယ် စတဲ့ ခြိမ်းခြောက်မှုမျိုး ဗုဒ္ဓရဲ့ ဓမ္မမှာ မပါပါဘူး။ အတင်းအဓမ္မ လိုက်နာကိုးကွယ်စေတာမျိုး ဗုဒ္ဓ၀ါဒမှာ မရှိပါဘူး။ အဆိုးအကောင်းကိုပဲ ဟောပြောခဲ့တယ်၊ အဓိက မိမိအပေါ်မှာပဲ မူတည်ပါတယ်။ ဗုဒ္ဓရဲ့ ဒီမိုကရေစီက ငြိမ်းချမ်းတယ်၊ မျှတတယ်။ မျက်မှောက်ပစ္စုပ္ပန်မှာ ချမ်းသာအောင် ဘယ်လိုလုပ်ဆောင်ရမယ်၊ အနာဂတ်အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဗုဒ္ဓရဲ့ဓမ္မထဲမှာ ပါထားပြီးသားပါ။

ဒီမိုကရေစီဆိုတာ အဆန်းမဟုတ်ပါဘူး၊ အခွင့်အရေးဆိုတာလည်း ကပြောင်းကပြန် ကမောက်ကမ အခွင့်အရေးမျိုးကို ဆိုလိုတာလည်း မဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာနဲ့ ထိခိုက်လာတဲ့ အခွင့်အရေးမျိုးဆိုရင် sorry လုပ်ဖို့ ၀န်မလေးသင့်ပါ။

ခုတော့ တစ်ချို့သောသူများမှာ ဂလိုဘယ်ရဲ့ သားကောင် ဖြစ်နေကြပါတယ်။ ယဉ်ကျေးမှု ပွတ်တိုက်မှုတွေ ၊ ပေါလောဆန်တဲ့ အယူအဆတွေကို သည်းခြေကြိုက် ဖြစ်နေကြပါတယ်။ ခေတ်တွေ ပြောင်းလဲနေတယ်၊ အဲအပြောင်းအလဲကို ကိုင်တွယ်တတ်ဖို့ပဲ လိုတာပါ။ လိုက်မျောစရာ မလိုပါဘူး။ တန်ဖိုးမဖြတ်နိုင်တဲ့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို ထိန်းသိမ်းတတ်ဖို့ လိုသလို အမျိုးဘာသာ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းလုပ်ဆောင်သင့်ပါတယ်။

ဒီတော့  အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ ခေတ်ကို သတိပြုကာ မိမိလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရင်း အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်းကို တင်ပြရေးသားလိုက်ရပါတယ်။

ခွန်စုထူးယံ(ဟိုနမ်း)

Powered by Blogger.