Monday, December 12, 2016

စီးပွားရေးရှာဖွေခြင်းနှင့် သုံးစွဲခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်


လူ့လောကသည် လိုအင်ဆန္ဒကို ဖြည့်စွက်ရန်အတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားလုပ်ကိုင်နေရသော ဘဝပင် ဖြစ်လေသည်။ မွေးကင်းစမှ သေသည်အထိ လှုပ်ရှားလုပ်ကိုင်နေရသော ဘဝတွင် အဓိကလှုပ်ရှားမှုမှာ စားဝတ်နေရေးအတွက် လှုပ်ရှားရသော လှုပ်ရှားမှုပင်ဖြစ်၍ ထိုကာလကို ထုတ်လုပ်မှုကာလဟူ၍ ပိုင်းခြားနိုင်ပေသည်။ လူ့လုပ်ရပ်များကို စီးပွားရေးအမြင်ဖြင့် သုံးသပ်လျှင် ပုဂ္ဂလိကထုတ်လုပ်မှု၊ ကုန်ဖလှယ်မှု၊ စားသုံးမှုဟူသော စီးပွား ဆက်ဆံမှုများအနေဖြင့် သုံးသပ်နိုင်ပေသည်။ ထို့ကြောင့် လူငယ်တို့ဘဝရေးရာတွင် စီးပွားရေးကိုလည်း ထည့်သွင်းသုံးသပ်ရန် လိုပေသည်။

ဘဝ၏ အခြေခံအဆင့်မှာ စီးပွားဖြည့်တင်းရေးအဆင့်ပင်ဖြစ်ကြောင်း သိရှိကြပြီး ဖြစ်ပေသည်။ လူသည် စီးပွားရှာရမည်၊ ထိုစီးပွားကို သုံးစားရာ၌ ကြွင်းကျန်စုမိအောင် စုဆောင်းရမည်။ ရရှိသော အစုအပေါင်းကို စီးပွားရေးတွက် အရင်းအနှီးအဖြစ် ပြန်လည်အသုံးချခြင်းဖြင့် ထိုစီးပွားဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လူ၏ဘဝအဆင့်အတန်း ပိုမိုတိုးတက်လာပေမည်။ ထိုအခါတွင် ဘဝအတွက်ခံစားမှုနှင့် လူသားကောင်းကျိုးအတွက် ဆောင်ရွက်မှုများ ပေါ်ပေါက်လာပေမည်။

လူငယ်သည် စီးပွားရှာဖွေရန် အင်အားကိုစုကြရပေသည်။ ဘွဲ့ထူးဂုဏ်ထူးစသော ကျောင်းပညာအတိုင်း အတာကိုလည်းကောင်း၊ လက်တွေ့နှံ့စပ်ကျွမ်းကျင်သော လုပ်ငန်းပညာကိုလည်းကောင်း ရှာဖွေကြရပေသည်။ ထိုအတတ်ပညာကိုအသုံးချ၍ ကာယအား၊ ဉာဏအားတို့ဖြင့် စီးပွားရှာဖွေကြပြီး အသုံးချရမည်ဖြစ်ပေသည်။ ဤတွင်ပညာတစ်ရပ်ရပ် တတ်မြောက်ရုံနှင့် မပြီးသေးဘဲ စေ့စပ်စွာ စီမံဆောင်ရွက်တတ်ခြင်း၊ အခြေအနေကောင်းကို အသုံးချတတ်ခြင်း၊ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ ပိုင်းခြားဝေဖန်တတ်ခြင်း၊ အမှီကောင်းရခြင်း၊ အသိမိတ်ဆွေများခြင်း စသောစွမ်းရည်များကို အသုံးချလေလေ စီးပွားရေးအခွင့်အလမ်းကောင်း ရလေဖြစ်သည်။ လခစားလုပ်ကိုင်ရာတွင်လည်း ပညာဉာဏ်ကြီးကျယ်လေ၊ လခအခွင့်အရေးကြီးမားလေဖြစ်၍ ပညာဉာဏ်ကြီးရင့် ထူးချွန်အောင် ကြိုးစားရပေသည်။ အဆင့်ဆင့်သည်းခံ၍ အလားအလာကို စောင့်ရပေမည်။ ပညာရည်အချင်းချင်း တူညီပါလျက် ရာထူးအဆင့်အတန်းမတူခြင်း၊ စီးပွားရေးအခွင့်အလမ်း မတူခြင်းစသည်တို့မှာ ကြိုးစားမှု၊ ချဉ်းကပ်မှု၊ လာဘ်မြင်မှုချင်း မတူညီသောကြောင့်ပင် ဖြစ်ပေသည်။

မည်မျှပင် ပညာနည်းသည်ဖြစ်စေ၊ ကံ- ဉာဏ်-ဝီရိယ ပေါင်းစပ်ကာတိုးတက်ထူးချွန်အောင် ကြိုးစား၍ ရနိုင် သည်သာဖြစ်လေသည်။ ကြိုးစားသူအတွက် ကြိုတင်မမြင်ရသောလမ်းများ ရှိတတ်ပေသည်။ စိတ်ပျက်အားလျော့ခြင်း မပြုသေးသူအတွက် အလားအလာကောင်းများသည် အမြဲစောင့်ကြိုလျက်ပင် ရှိပေလိမ့်မည်။ စီးပွားရှာလိုသူအတွက် စီးပွားရေးလမ်းပေါက်တို့သည်လည်း ရာပေါင်းများစွာပင်ရှိနေပေသည်။ တစ်ခုနှင့်တစ်ခု အဆင်မပြေလျှင် တစ်ခြားတစ်ခုရှိပေလိမ့်မည်။ စီးပွားတစ်ခုခုကို အခြေချမိသောအခါတွင် ဇောက်ချ၍  ကြိုးစားလုပ်ကိုင်ရပေမည်။ စီးပွားရေးမှ ရရှိသည့်ဝင်ငွေမှာ မိမိဘဝကို စီမံဖန်တီးရန်ဖြစ်ပေရာ ထိုသို့ ဖန်တီးသည့်အခါတွင် အသုံး၊ အဖြုန်းနှင့် အစုကို ခွဲခြမ်းဝေဖန်ရာလိုပေသည်။

ဘဝ၏ကိစ္စရေးရာများတွင် သုံးစွဲရမည့်လမ်းပေါက်များရှိပေမည်။ မသုံးမဖြစ်၍ သုံးစွဲရသည့်အခါတွင် သုံးစွဲ သည့် တန်ဖိုးအပြည့်အဝခံစားရအောင် သတိပြုရပေမည်။ သုံးထိုက်မသုံးထိုက်စီစစ်၍ သုံးရပေမည်။ ဈေးဝယ်လျှင် ဈေးဆစ်သကဲ့သို့ ၊ သုံးစွဲရာ၌ နည်းဖြင့် လျော့သုံးစွဲရန် ဖြစ်နိုင်, မဖြစ်နိုင် စဉ်းစားရပေမည်။ အကုန်အကျချင်းတူလျှင် အကျိုးပိုရှိသည့်နည်းလမ်းကို လိုက်ရပေမည်။ အကျိုးရှိပုံချင်းတူလျှင် အကုန်အကျ သက်သာသော နည်းလမ်းကို လိုက်ရပေမည်။

မသုံးသင့်သောနေရာတွင် သုံးခြင်းသည် ဖြုန်းခြင်းပင်ဖြစ်ပေသည်။ ဖဲရိုက်လောင်းကစားခြင်းသည် ဖြုန်းခြင်း ပင်ဖြစ်သည်။ ဟင်းတစ်ခွက်ဖြင့် အရသာရှိ၍ အဟာရလည်းဖြစ်နိုင်မည်ဆိုလျှင် ဟင်းနှစ်ခွက်ချက်ရန်လိုမည် မဟုတ်ပေ။ မီးတစ်ပွင့်ဖြင့် လိုအပ်သောအလင်းရောင် ရရှိနိုင်ပါလျက် မီးနှစ်ပွင့်ထွန်းခြင်းမှာလည်း ဖြုန်းတီးခြင်းပင်ဖြစ်ပေ သည်။ လိုသည်ထက်ပို၍ သုံးခြင်းမှာ ဖြုန်းတီးခြင်းပင်ဖြစ်၍ သုံးစွဲကုန်ကျသည့်တန်ဖိုး အပြည့်အဝမသုံးခြင်းမှာ ဖြုန်းတီးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် အသုံးနှင့် အဖြုန်းကို ခွဲခြားနားလည်ရန် လိုအပ်ပါသည်။ ထိုမျှသာမက ဝင်ငွေနှင့် မျှတအောင် စီမံသုံးစွဲရန်လည်းလိုပေသည်။ ထွက်ငွေသည် မည်သည့်နည်းနှင့်မျှ ဝင်ငွေထက် မပိုလွန်သင့်ပေ။

ငွေဆိုသည်မှာ သုံးစွဲသလောက်ကုန်ကျနိုင်သည်ဖြစ်၍ လူ့လိုအင်ဘက်မှကြည့်လျှင်လည်း လုံလောက်သည်ဟူ၍ မရှိနိုင်ပေ။ ထို့ကြောင့်လိုအပ်သည့်အသုံးစရိတ်ကို သတ်မှတ်မည်ဆိုလျှင် ဝင်ငွေအားက ထိုစရိတ်ကို လိုက်မီနိုင်မည်မဟုတ်ပေ။ ဝင်ငွေကိုကြည့်၍ သုံးနိုင်စွမ်းရှိသလောက်အပေါ်တွင် မသုံးမဖြစ်သည့်ကိစ္စကို ခွဲဝေသတ် မှတ်ရပေမည်။ အရေးတကြီးသုံးရမည့်ကိစ္စ၊ ရှိသလောက် သုံးရမည့်ကိစ္စတို့ကို ခွဲခြားရပေမည်။ ထို့ကြောင့် မိမိ ဝင်ငွေနှင့် ထွက်ငွေမျှတစေ၍ တတ်နိုင်လျှင် ပိုလျှံအောင်စုဆောင်းရပေလိမ့်မည်။ စုဆောင်းသည်ဆိုရာ၌လည်း ပိုမှလျှံမှဟူ၍ သဘောမထားဘဲ ထိုက်သင့်သမျှကို ခြိုးခြံဖယ်ချန်၍ နောင်ရေးအတွက် စုဆောင်းရပါမည်။ စီးပွားရေးတွင် ဤသို့သဘောပေါက်ခဲ့လျှင် ဘဝအတွက် အခြေခံမှန်ကန်လိမ့်မည်သာဖြစ်ပေမည်။

ထို့ကြောင့် လူ့ဘဝတွင် ပထမအရွယ် ပညာသင်ချိန်၊ ဒုတိယအရွယ် ဥစ္စာရှာချိန်နှင့် တတိယအရွယ်တွင် ကုသိုလ်ရှာချိန်ဟူ၍ သုံးပိုင်းခွဲခြား ညွန်ပြလေ့ရှိကြပေသည်။ ဒုတိယအရွယ်၏ တာဝန်မှာ ဘဝ၏ တက်ကြွလှုပ်ရှား ဆုံး၊ တာဝန်ကြီးလေးဆုံး အပိုင်းပင်ဖြစ်၍ လူတစ်ယောက်၏ ဘဝကံကြမ္မာကို ဆုံးဖြတ်သော အပိုင်းလည်း ဖြစ်ပေ သည်။ ထို့ကြောင့် ထိုအပိုင်းတွင် စီးပွားရေး၏ အဓိကကျသောအဆင့်များ သုံးသပ်မည်ဆိုလျှင် ဘဝကို မြှင့်တင်သောအဆင့်နှင့် လူ့လောကအတွက် ဖြည့်စွမ်းဖန်တီးသောအဆင့်တို့အသီးသီးရှိကြောင်းတွေ့ရသည်ဟု ရေးသားတင်ပြလိုက်ပါသည်။

ဆားမူးပေး(စန္တားခမ်း)

Powered by Blogger.