Thursday, December 22, 2016

ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီ ရုံးဖွင့်ပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်





၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်၊ သောကြာနေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီ ရုံးဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ၀င်း၊ ပေါ်ပြုလာပုံနှိပ်တိုင်းဟောင်း၌ ကျင်းပ ပြုလုပ်ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ကြွရောက်လာကြသောလူကြီးမင်းတို့မှ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီ ရုံးဆိုင်းဘုတ်အား ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်သိန်းဖေ၊ ဖြားခွန်ချစ်မောင်၊ ဖြားခွန်လာ၊ ဖြားခွန်တင်မောင် တို့မှ အမွေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးပြီး ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဖြားခွန်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပဲကျင်းပရေး လုပ်ငန်းကော်မတီ အကြံပေးအဖွဲ့ ဖြားခွန်သိန်းဖေက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကြီးကြပ်ရေးအဖွဲ့ဝင် ခွန်ထွန်းတင်မှ အကြံပြုတင်ပြပေးပြီးနောက် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး လုပ်ငန်းကော်မတီ ရုံးဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရှိရပါသည်။

ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းကော်မတီ ရုံးဖွင့်ပွဲနှင့် ပတ်သက်၍ “ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားအဆင့် ကျင်းပပြုလုပ်တော့မည်ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီရုံးကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ လုပ်ငန်းကော်မတီရုံးကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပြီး လုပ်ငန်းနှင့်ပတ်သက်၍ လာရောက်ဆက်သွယ်နိုင်အောင် စသည့်ရည်ရွယ်ချက်များဖြင့် ရုံးခန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရုံးခန်းဖွင့်လှစ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကတော့ လုပ်ငန်းများ ဆက်သွယ်မှု ၊ သတင်းပြန်ကြားမှု ဒီနေရာများကို လာရောက်ပြီးတော့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပအိုဝ်းတစ်မျိုးသားလုံးနှင့်ဆိုင်သော လုပ်ငန်းဆောင်တာ အ၀၀များကို ဒီနေရာမှာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊  အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှာ တိုင်းပြည်များအတွက် အလွန်အရေးကြီးကြောင်း၊ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များက တောင်းဆိုခဲ့ကြကြောင်း၊ အရင်တုန်းက နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းခွင့်မရရှိခဲ့ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးပြဿနာသည် အမျိုးသားရေး ပြဿနာများဖြစ်ကြောင်း၊ အမျိုးသားများအချင်းချင်းအကြား ညှိနှိုင်းမှုများ  လိုအပ်ကြောင်း၊ တိုင်းပြည်လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းရင်းသားတွေကြားမှာ လူတန်းစားအလွှာအလိုက် တိုင်းပြည်မှာ အတူယှဉ်တွဲနေထိုင်ဖို့လိုအပ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆက်လက်ပြီး ရလဒ်အဖြေရှာရန်ဖြစ်ကြောင်း“ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းကော်မတီ ဥက္ကဌ ဖြားခွန်မြင့်ထွန်းက ပြောကြားပေးခဲ့ပါသည်။  အဆိုပါအခမ်းအနားများကို ပအိုဝ်းအမျိုးသားလူမှုရေးအဖွဲ့အစည်း (၁၉) ဖွဲ့မှ ကိုယ်စားလှယ်များ (၅၀) ကျော်တက်ရောက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.