Monday, December 5, 2016

နားသံကျေးရွာအုပ်စု ဖက်နံကျေးရွာတွင် ဆိုလာမီး(၁၅၂)စုံ လာရောက်တပ်ဆင်ပေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စု ဖက်နံကျေးရွာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်မြို့နယ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် DAHLIA ကုမ္ပဏီမှ မန်နေဂျာ ကိုတင်ထက်လင်းတို့အဖွဲ့ တာဝန်ယူဆောင်ရွက်ပေးသာ ဆိုလာမီး(၁၅၂)စုံတပ်ဆင်ခြင်းကို ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ ဆိုလာမီးတပ်ဆင်ရာတွင် အိမ်တစ်လုံးလျှင် ဆိုလာပြား(90W)တစ်ချပ်၊ အင်ဗာတာ(300W)တစ်လုံး၊ မီးလုံး/မီးချောင်း(3VOLT-LED) မီးလုံး(၃)လုံး၊ မီးချောင်း(၁)ချောင်း၊ ၉-ပေအရှည်သစ်လုံး(၁)လုံး၊ ဘတ်ထရီ (65AMH) တစ်လုံးစီ တပ်ဆင်ပေးပေးလျက်ရှိကြောင်း၊ အိမ်တိုင်းစေ့ တပ်ဆင်ပေးနိုင်ဖို့အတွက် အိမ်ထောင်စုစာရင်း အတိအကျ အထက်ကိုတင်ပြပေးဖို့ အရေးကြီးပါကြောင်း၊  မိမိတို့ကုမ္ပဏီအနေဖြင့် အိမ်ထောင်စုစာရင်းအတိုင်း လုပ်ငန်းလုပ်ဆောင်ရာတွင် အချို့ကျေးရွာများမှာ အိမ်တိုင်းစေ့ မတပ်ဆင်ရ၍ အခက်အခဲပြဿနာများနှင့် တွေ့ကြုံရတတ်ကြောင်း၊ ဒေသခံများအနေဖြင့် စည်းလုံးညီညွတ်ဖို့နှင့် အိမ်ထောင်စုစာရင်းများကို မှန်မှန်ကန်ကန် တင်ပေးဖို့လိုအပ်ကြောင်း၊ ဆိုလာမီးနှင့် ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို မိမိတို့အဖွဲ့နှင့် ရွာလူကြီးများက ဆောင်ရန်ရှောက်ရန်အချက်များကို ပြောပြထားလျက်ရှိကြောင်း ဒေလီယာကုမ္ပဏီ မန်နေဂျာ ကိုတင်ထက်လင်း ပြောပြချက်အရ သိရှိရပါသည်။
ဒေလီယာကုမ္ပဏီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သောစီမံကိန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဖက်နံကျေးရွာအပါအ၀င် ကျေးရွာ(၁၀)ရွာကို တာဝန်ယူဆောင်ရွက်ပေးပြီး ဖက်နံကျေးရွာသည် အိမ်ခြေ(၂၂၀)၊ ဘုန်းတော်ကြီးကျောင်း၁ကျောင်း၊ အမကကျောင်း၁ကျောင်း၊ စာကျက်ဝိုင်း ကျောင်းဆောင်၁ဆောင်ရှိကြောင်း နားသံကျေးရွာအုပ်ချုပ်ရေးမှူး ခွန်တီးဖစ်နှင့် ကျေးရွာလူကြီးများ ဖြစ်သော ခွန်အောင်လွင် ခွန်မောင်ငယ်တို့ ပြောကြားချက်အရ သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ    

Powered by Blogger.