Tuesday, January 24, 2017

ပဲခူးတိုင်းဒေသကြီး ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်











ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ကို ပဲခူးတိုင်းဒေသကြီး ၊ ဇရပ်ကြီး နှင်းယွန်းဇေတ၀န်ကျောင်းတိုက်တွင် ယနေ့ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၄) ရက်၊ နံနက် (၉း၃၀) အချိန်တွင် ကျင်းပကြောင်း သိရှိရပါသည်။ ထိုဆွေးနွေးပွဲတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု နာယက ဖြားခွန်ထွန်းလွင်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဖြားခွန်မြင့်စိုး မှလည်းကောင်း၊ KNU တောင်ငူခရိုင် ခရိုင်မှူး စောအယ်ဝါး မှလည်းကောင်း အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး NCA ပေါ်ပေါက်လာပုံနှင့် NCA ကိုအခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊ စောခွန်ကျော်ဝင်း တို့က အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပါသည်။ Panel Discussion များကို ဖြားခွန်တင်ရွှေဦး၊ ဖြားခွန်တင်မြင့်၊ ခွန်အောင်နိုင်၊ ခွန်ဆောင်းရွှေ၊ ဒေါ်နန်းဝင်းကြည်၊ နန်းခမ်းဗွာ၊ ခွန်နေသူစိုး တို့ ဆွေးနွေးတင်ပြခဲ့ပြီး ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ရမည့် ပဲခူးတိုင်းဒေသကြီး ဒေသခံလူထု ကိုယ်စားလှယ် (၃၀)ဦးကိုလည်း ရွေးချယ်ခဲ့ပါသည်။
“ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ဒီလိုအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဆောင်ပေးခြင်းဟာ ဂုဏ်ယူစရာလုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်ပြီးတော့ ပအိုဝ်းလူမျိုးများ ရှေ့ကိုတက်ဖို့လမ်းစလဲဖြစ်သလို ခမ်းကောင်၊ ခမ်းဒွမ်ရှိ ပအိုဝ်းတိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီမြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ ပအိုဝ်းတိုင်းရင်းသားများသည် ပအိုဝ်းတစ်အိုဝ်းထဲဖြစ်တယ်ဆိုတာကို ပြသနိုင်တဲ့အရာတစ်ခုဖြစ်တယ်လို့ ထင်မြင်ယူဆခဲ့ပါတယ်။ ယခုလို ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ လူငယ်နဲ့ အမျိုးသမီးများများပါရန်လိုအပ်တယ်။ နိုင်ငံတော်ကနေ အတည်ပြုပေးတဲ့ အမျိုးသမီးများသည် ၃၀% ပါဝင်နိုင်ဖို့ဆိုတာကိုလည်း ပအိုဝ်းတစ်မျိုးသားလုံးများအနေဖြင့် အမျိုးသမီး ၃၀% ကို ယခုအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဘဲဖြစ်ဖြစ်၊ နောက်တစ်ကြိမ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဘဲဖြစ်ဖြစ် ပါဝင်ရန်လိုအပ်ပါတယ်။ လူငယ်နှင့် အမျိုးသမီးများဟာ တက်တက်ကြွကြွနဲ့ အင်အားများများ ဆွေးနွေးစေချင်တဲ့ဆန္ဒရှိတယ်ဟု” ဒေါ်နန်းဝင်းကြည်က ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဒေသခံလူထုကိုယ်စားလှယ် (၄၀၀) ကျော် တက်ရောက်ကြောင်း သတင်းရရှိပါသည်။

နန်းယုံယေန်း

Powered by Blogger.