Monday, January 9, 2017

(၃၄)ကြိမ်မြောက် ဟမ်းဆီးကျေးရွာတွင် စာအောင်ဆုပေးပွဲနှင့် ပအိုဝ်းရိုးယာအဆို/အက ပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်


အထူးဒေသ(၆) ကျောက်တလုံးကြီးမြို့နယ် နောင်ခဲကျေးရွာအုပ်စုတခြမ်းနှင့် နားဟီးကျေးရွာအုပ်စုတို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲပြုလုပ်လျက်ရှိသော စာအောင်ဆုပေးပွဲနှင့် ပအိုဝ်းရိုးယာအဆို/အကပြိုင်ပွဲများကို (၃၄)ကြိမ်မြောက်  ဟမ်းဆီးကျေးရွာ၌ ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၇ရက်နေ့မှ ၈ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စာအောင်ဆုပေးပွဲနှင့် ပအိုဝ်းရိုးယာအဆို/အက ပြိုင်ပွဲ အဓိကပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ “ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဓလေ့ထုံးစံအမွေအနှစ်များကို  မကွယ်ပျောက်စေရန်နှင့် ပအိုဝ်းလူငယ် မောင်မယ် များ ပအိုဝ်းစာပေတတ်ကျွမ်းလာစေရန်သာမက ပအိုဝ်းစာပေနှင့်ပအိုဝ်းလူမျိုးတို့၏ ဂုဏ်အင်္ဂါနှင့်ပြည့်စုံသည့် ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာများကို ပိုမိုအလေးထားပြီး အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်၊ စာတတ်ပေတတ် ဘွဲ့ရလူငယ်ကလေးများဂုဏ်ပြုချီးမြှင့်ပေးခြင်း စသည်တို့ကို အလေးထားပြီး ပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု” ပွဲဖြစ်မြောက်ရေးကော်မတီ ခွန်ဆရာအောင်ဇံ ကပြောသည်။

အဆိုပါ စာအောင်ဆုပေးပွဲတွင် ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့မှ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာစာပေများ အား နှစ်စဉ်နှစ်တိုင်း ပအိုဝ်းလူငယ် မောင်မယ်များကို သင်ကြားပေးလျက်ရှိရာမှာ ပအိုဝ်းစာပေ ဘာသာအလိုက် အဆင့်ဆင့်မှ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ပအိုဝ်းလူငယ် မောင်မယ်များနှင့် အစိုးရပထမပြန်စာမေးပွဲများတွင် ငယ်/လတ်/ကြီး/ဓမ္မာစရိယဘွဲ့ရ ဖြေဆိုအောင်မြင်ခဲ့ကြသည့် သာသနာ့နွယ်ဝင် သံဃာတော်အရှင်သူမြတ်တို့မှ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများနှင့် ဘွဲ့ရကျောင်းသား/သူများကိုလည်းကောင်း အသီးသီး ဆုပေးအပ်လျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီခွန်ဆရာအောင်ဇံ ထံမှသိရှိရပါသည်။

ထို့နောက် ပအိုဝ်းရိုးယာနှင့် ခေတ်ပေါ်အဆို/အကများအား လာရောက်သီဆိုကပြယှဉ်ပြိုင်ခဲ့ကြသည့် ပအိုဝ်းလူငယ်မောင်မယ်များကို ပွဲဖြစ်မြောက်ရေးကော်မတီများမှ ဆုချီးမြှင့်ပေးခဲ့ရာမှာ ပအိုဝ်းရိုးယာအကနှင့် ခေတ်ပေါ်အကများကို ယှဉ်ပြိုင်ဆုရရှိခဲ့ကြသည့်အကအဖွဲ့များအား ပထမဆုကို ကျပ်(၅)သောင်း၊ ဒုတိယဆု ကျပ်(၄)သောင်း၊  တတိယဆု ကျပ်(၃)သောင်း နှစ်သိမ့်ဆု ကျပ်(၂)သောင်းစီဖြင့်လည်းကောင်း အသီးသီး ဆုချီးမြှင့်ပေးခဲ့ပြီး ဆက်လက်၍ ပအိုဝ်းရိုးယာခေတ်ပေါ်တေးသီချင်းများကို ၀င်ရောက်သီဆိုယှဉ်ပြိုင်ခဲ့ကြသည့် ၀ါသနာရှင်များကိုလည်း အသီးသီးဆုချီးမြှင့်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

အဆိုပါ စာအောင်ဆုပေးပွဲတွင် နောင်ခဲကျေးရွာအုပ်စုတခြမ်းနှင့် နားဟီးကျေးရွာအုပ်အတွင်းရှိ လူငယ်မောင်မယ်များသည် ၂၀၁၆-၂၀၁၇-ခုနှစ် ပညာသင်နှစ်တွင် အစိုးရပထမပြန်စာမေးပွဲနှင့် အတန်းကျောင်း ကျောင်းသား/သူများ ဖြေဆိုအောင်မြင်ခဲ့ကြသည်မှာ ပထမငယ်တန်း (၁)ပါး၊ ပထမလတ်တန်း (၂)ပါး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ကျောင်းသား/သူများ အား ဂုဏ်ထူးဘာသာဖြင့်(၇)ဦး၊ တက္ကသိုလ်ဝင်တန်း ရိုးရိုးအောင်(၄၉)ဦး၊ ဘွဲ့ရကျောင်းသား/သူများ (၁၅)ဦး ရှိကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို

Powered by Blogger.