Tuesday, January 31, 2017

ပအိုဝ်းလူငယ်နှင့် နိုင်ငံရေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်


လူငယ်ဟူသည် တိုင်းပြည်၏ အနာဂတ်၊ တိုင်းပြည်၏ အရင်းအမြစ်များပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လူငယ်လူရွယ်ဟူသည် တိုင်းပြည်၏ အနာဂါတ် ခေါင်းဆောင်ကောင်း ခေါင်းဆောင်လောင်းများဖြစ်သည်နှင့်အမျှ တိုင်းပြည်၏အနာဂါတ်ဖန်တီးရှင် ဖြစ်ကြသည်။ ဤသို့သော အနာဂါတ်ဖန်တီးရှင် လူငယ်များသည် သင်ယူလိုစိတ်၊ ကြိုးစားလိုစိတ်ရှိဖို့ရန် လိုအပ်လာပါမည် ယနေ့ခေတ်သည် ITခေတ်၊ တစ်နည်းဆိုရလျင်တိုးတက်သောခေတ်စနစ်ဖြစ်၍ ခေတ်စနစ်နှင့်အညီ ခေတ်ရေစီးကြောင်းလိုက်ပါနိုင်ရန်လိုအပ်ပါသည်။

အိုင်တီ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ လူငယ်မျိုးဆက်သစ်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍ မှာလည်း တဖြည်းဖြည်း ကျယ်ဝန်းလာနေပြီဖြစ်သည်။ ယနေ့လူငယ်အများစုသည် အွန်လိုင်းနှင့်အဆက်မပြတ်နဖူးတွေ့ဒူးတွေ့ ထိတွေ့ရသည်ဖြစ်၍ လောက၏အဖြစ်အပျက်၊ အကောင်းအဆိုးအကြောင်းအကျိုးများကို မျက်ဝါးထင်ထင် မြင်တွေ့ရသည်နှင့်အညီ လူကိုအကျိုးပေးသော ဖတ်စရာမှတ်စရာများရှိသလို ဆိုးကျိုးပေးသည်လည်းရှိတတ်သည်။ ချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်အရေးအရာမှန်သမျှ ယူတတ်ဖို့လိုပါသည်။

ဥပမာ နိုင်ငံရေးသည် အရေးအရာအားလုံးထက် အရေးပါလွန်းသည်ဟု ထင်မြင်ယူဆမိပါသည်။ ယနေ့ခေတ်ပအိုဝ်းလူငယ် လူရွယ်အများစုသည် နိုင်ငံရေးစိတ်ပါဝင်စားမှုများပြားလာသည်ကို တွေ့ရှိပါရသည်။ ယနေ့ ပအိုဝ်းလူငယ်တို့ လျှောက်လှမ်းနေသော နိုင်ငံရေး ဟူသည်ကား နိုင်ငံတစ် နိုင်ငံလုံး၏ အရေး၊ တစ်မျိုးသားလုံး၏အရေး၊ အယုတ်အလတ် အမြတ်မရွေး ပအိုဝ်းပြည်သူ အားလုံး၏ အရေးကို ရှေ့ရှု၍ ကြိုးပမ်းနေကြသော နိုင်ငံရေးဖြစ်သည်။ ကိုယ်ကျိုးစီးပွား ကိုစွန့်၍အများအကျိုး တွက်ဆောင်သောနိုင်ငံရေးဖြစ်သည်။


ယနေ့ပအိုဝ်းလူငယ်ထုများသည် နိုင်ငံရေးဘက်ကို မြှားဦးလှည့်ကြည့်တတ်မှသာလျှင် အခြား လူမျိုးများနည်းတူ ရေရှည်တန်းတူရပ်တည် နိုင်မည်ဖြစ်သည်။ နိုင်ငံရေးသည် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်၏ အသက်သွေးကြောသဖွယ်ဖြစ်၍ နိုင်ငံ၏အကြောင်းအရာများကို လေ့လာသော သိပ္ပံပညာရပ်ဖြစ်သည်နှင့်အညီ လူမျိုးစုတစ်စု၏အဓိကအခန်းကဏ္ဍပင်ဖြစ်သည်။

ထိုနည်းတူစွာ တိုင်းပြည်တစ်ပြည် လူတစ်မျိုးတစ်မျိုး၏ ပင်မကျောရိုးသည် စာပေအခန်းကဏ္ဍ ဖြစ်လာပြန်သည်။ လောကတွင် စာပေမြှင့်မှ လူမျိုးတင့်မည် ဟူသောစကားရှိပါသည် တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးကြားတွင် စာရေးသူ စာဖတ်သူများပြားလာခြင်းဖြင့် စာပေမြှင့်လာမည်ဖြစ်သည်။ စာဖတ်ခြင်းအလေ့အထမှသည် စာတတ်ပေတတ် ပညာတတ်အကျော်အမော်များ ပေါ်ထွန်းလာခြင်းဖြင့် လူမျိုးတင့်မည်ဖြစ်သည်။

လူငယ်ဟူသည် အမြဲတိုးတက်နေရပါမည်ဖြစ်သည် နေ့စဉ်နှင့်အမျှလေ့လာသင်ယူပြီး ဘက်စုံကဏ္ဍတွင် အပေါင်း လက္ခဏာဆောင်နိုင်မှသာလျှင် တိုင်းပြည်၏အနာဂါတ် လူမျိုး၏အနာဂါတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်မည့် ခေါင်းဆောင်းကောင်း ခေါင်းဆောင်လောင်း များဖြစ်သော လူငယ်တို့သည်လည်း မိမိအညွန့်အတက်များကို မိမိမချိုးမိလေအောင် သတိဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်စေလိုကြောင်း ရေးသားတင်ပြရပါသည်။

နယ်;ကူ - ခွန်ဗီး
Powered by Blogger.