Friday, January 27, 2017

Mr Steve Seo တို့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ စီးပွားရေးအတိုင်ပင်ခံ ခွန်လေဆာ (လူငယ်လုပ်ငန်းရှင်) တို့ကို လာရောက်ညှိနှိုင်းဆွေးနွေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်


ပအိုဝ်းဒေသအတွင်းရှိ ထွက်ကုန်များ ကိုးရီးယားတင်ပို့နိုင်ရန်အတွက် ကိုးရီးယားနိုင်ငံမှ Mr Steve Seo တို့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ စီးပွားရေးအတိုင်ပင်ခံ ခွန်လေဆာ (လူငယ်လုပ်ငန်းရှင်) တို့ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက်၊ သောကြာနေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ လာရောက်ညှိနှိုင်းဆွေးနွေးကြောင်းသိရပါသည်။
 ထိုသို့ဆွေးနွေးရာတွင် ပအိုဝ်းဒေသအတွင်း ထွက်ရှိသော ငရုပ်သီး၊ ပြောင်း၊ ထောပတ်၊ ကြယ်ပဲ စသည့်ထွက်ကုန်များ ကိုးရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြပြီး ပြောင်းတန်ချိန် (၇) သောင်းကို ပအိုဝ်းဒေသအတွင်းရှိ ပြောင်းစိုက်တောင်သူများထံမှ ဈေးကွက်ပိုရရှိနိုင်ရန်နှင့် နှစ်စဉ်နှစ်တိုင်း ရောင်းလိုအား ကောင်းနိုင်ရန်အတွက် လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ပြောင်းရိုးနှင့်၊ ကြံဖတ်များသည် ယခင်ကစွန့်ပစ်ပစ္စည်းများဖြစ်ပြီး ယခုအခါတွင် ကိုးရီးယားနိုင်ငံက ဂက်ထုတ်လုပ်ခြင်း၊ လျှပ်စစ်မီးထုတ်လုပ်ခြင်း များပြုလုပ်ကာ ပအိုဝ်းဒေသအတွင်းရှိ စွန့်ပစ်ပစ္စည်းများမဖြစ်အောင် ပအိုဝ်းလူမျိုးများ ၀င်ငွေရရှိနိုင်အောင် ပြောင်းရိုးနှင့် ကြံဖတ်များကိုလည်း ကိုးရီးယားနိုင်ငံသို့တင်ပို့နိုင်ရန် ဆွေးနွေးကြောင်းသိရသည်။
“ယခုနှစ်ပြောင်းဈေးဟာ တပိဿာ (၂၇၀) ကျပ်ဘဲရှိတယ်၊ အရင်နှစ်က တပိဿာကို (၄၀၀) ကျော်ရတယ် အရင်နှစ်နဲ့ ယခုနှစ်ဆိုရင် ကွာခြားမှုရှိတယ်။ ယခုနှစ်က ပြည်ပကမဆွဲလို့ ဈေးကျတယ်။ ပြောင်းအထွက်တိုးနေပေမယ့် ဈေးကောင်းကတော့မရဘူး။ ဒီမှာက ထုတ်လုပ်မှု ကုန်ကျစရိတ်များတယ်။ စက်အားထက် လူအားပိုသုံးရတယ်၊ နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေး၊ ဈေးကွက် အကုန်နောက်ကျတယ်ဆိုတော့ ဈေးကွက်ယှဉ်ပြိုင်မှုမှာ အမြဲတမ်းအားနည်းတာလည်းရှိနေတယ်။ ပြည်တွင်းက ကုမ္ပဏီကြီးတွေနဲ့ ပြည်ပကဆွဲတဲ့အခါ ပြောင်းဈေးကွက်တော့ အရမ်းမတက်တောင် ဒီထက်တော့မကျနိုင်လောက်ဘူး” ဟု ခွန်လေဆာ ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နန်းဆားတဲုင်

Powered by Blogger.