Monday, February 6, 2017

လုံ့လ၀ိရိယအရင်းခံ အလုပ်လုပ်ပါရန်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်


ကျွန်ုပ်တို့ အများစုသည် နေ့စဉ် လုပ်နေကျ သမားရိုးကျအလုပ်များဖြင့် လက်မလည်အောင် ဖြစ်နေကြသည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်စွမ်းကိုယ်စကို မမြင်နိုင်ကြခြင်းဖြစ်သည်။ စင်စစ်ကျွန်ုပ်တို့သည် မိမိတို့၏ အတွင်းသန္တာန်၌ ကိန်းအောင်းနေသော မြုပ်နေသော ကိုယ်စွမ်းကိုယ်စများ ရှိနေပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အဓိကတာဝန်မှာမိမိတို့၏ ကိုယ်စွမ်းကိုယ်စကို အမြန်ဆုံးဖော်ထုတ် အသုံးချရန်သာဖြစ်သည်။ သို့သော်လည်း လူနည်းစုသာလျှင်  ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်နိုင်ကြသည်၊ အသုံးချနိုင်ကြသည်။ အများစုမှာ ကိုယ်စွမ်းကိုယ်စကို ဘယ်တော့မှ မဖော်ထုတ်ဘဲတစ်သက်လုံး ရေစုန်မျော ကမ်းတင်ဘ၀ဖြင့်သာ နေသွားကြသည်။

ကိုယ်စွမ်းကိုယ်စကို ဖော်ထုတ်သော သူများမှာလည်းရာနှုန်းပြည့် ဖော်ထုတ်နိုင်ခြင်းမရှိကြ။ ဥပမာ- နံရံကပ် သင်ပုန်းကြီးတစ်ခု ဖန်ဆင်းလိုက်ပါ။ ထိုသင်ပုန်းကြီးပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပါ။ စက်ဝိုင်း အလယ်ဗဟိုတွင် အစက်ကလေးတစ်စက် ရေးလိုက်ပါ။ စက်ဝိုင်း၏ ပတ်ပတ်လည်မျဉ်းကို ကျွန်ုပ်တို့၏ အောင်မြင်မှု အခွင့်အလမ်းများ ဟူ၍မှတ်ပါ။ သို့ဆိုလျှင် စက်ဝိုင်း၏ အလယ်ဗဟိုအစက်ကလေးမှ နေ၍ အောင်မြင်မှုအခွင့်အလမ်းများရှိရာ ပတ်ပတ်လည်မျဉ်းဆီသို့ ကျွန်ုပ်တို့ ထွက်ခွာကြမည်။ ကိုင်း--- ထွက်ခွာလာကြပြီဆိုပါစို့--

ယင်းသို့ထွက်လာရာတွင် ကျွန်ုပ်တို့သည် ၂၀ ရာခိုင်နှုန်း အကွာအဝေးသို့ ရောက်သောအခါ စိတ်ပျက် လက်လျှောပြီး မူလနေရာသို့ ပြန်လာခဲ့ကြသည်။ မိမိတို့ တိုးတက်အောင်မြင်မှု ဘာမှမရရှိခဲ့ကြ။ နောက်တဖန် တစ်နည်းနည်းဖြင့် စိတ်အား ထက်သန်လာပြီး ထိုခရီးကို ထပ်မံထွက်ခွာပြန်သည်။ ဤတစ်ကြိမ် ဗဟိုအစက်ကလေးနှင့် ပတ်လည်မျဉ်းတို့၏အကြား အကွာအဝေး၏  ၃၅ ရာခိုင်နှုန်းသို့ရောက် သောအခါ မမျှော်လင့်သော အခက်အခဲ ကြောင့်လက်မြှောက်အရှုံးပေးကာ မူလနေရာသို့ပင် တပ်ခေါက်၍ ပြန်လာခဲ့ရပြန်သည်။ ဤဖြစ်ရပ်မျိုးကို ယနေ့လူ အများစုကြီး အကြိမ်ကြိမ် ကြုံတွေ့နေကြရသည်။  ဤသို့ပြောဆိုရခြင်းမှာ - စာရေးသူထံသို့ (၁၈.၁.၂၀၁၇) ရက်နေ့ တွင် ယောက်ျားလေး လူငယ်နှစ်ဦးနှင့် အသက် (၅၀) ခန့်ရှိ ဦးကြီးတို့ (၃) ယောက်ရောက်ရှိလာပါသည်။ (လူကြီးက မိမိထံသို့လမ်းညွှန်)

အဆိုပါလူငယ်(၂) ဦးသည် စားသောက်ဆိုင်(လက်ဖက်ရည်ပါ) တစ်ဆိုင်တွင် စားပွဲထိုး၊ ပန်းကန် ဆေးအလုပ်ကို လုပ်ကိုင်နေကြသည်ဟု သူတို့နှစ်ဦး၏ပြောကြားချက်အရသိရသည်။ အဆိုပါလူငယ်နှစ်ဦးသည် အဘယ်ကြောင့် ကျွန်ုပ်ထံ ရောက်လာရသည်ကို အနည်းငယ် ရေးသားပြတင်ပြပါမည်။ လူငယ်နှစ်ဦး အလုပ်လုပ်ရာ ဆိုင်တွင် အလုပ်လုပ်သက် တစ်လသာပြည့်ပြီး ထိုအလုပ်မှထွက်ချင်၍ လုပ်ခငွေ တစ်လစာ တောင်းခံရာ ဆိုင်ရှင်က ထုတ်မပေးသောကြောင့် ကျွန်ုပ်ထံရောက်လာရခြင်းဖြစ်သည်။

အဘယ်ကြောင့် လုပ်ခလစာမရသည်ကို ကျွန်ုပ်အနေဖြင့် တာဝန်ဝတ္တရားအရ မေးမြန်းခြင်းများ အနည်းငယ် ပြုလုပ်ရပါသည်။ ကျွန်ုပ်၏မေးမြန်းချက်ကိုလည်း လူငယ်တစ်ဦးသာဖြေကြားပြီး ကျန်တစ်ဦးမှာ စိတ်မ၀င်စား သောဟန်ဖြင့် ငေးငိုင် (လျှောက်ကြည့်) နေပါသည်။ သို့သော်လည်း ကျွန်ုပ်သည် လခငွေ မရရှိရသည့် အကြောင်းရင်း ကိုသိလို၍ ဆက်လက် မေးမြန်းခြင်းများပြုလုပ်သွားပါသည်။ ထိုသို့ဆက်လက် မေးမြန်းမှုကြောင့် လခငွေမရသည့် အကြောင်းရင်းကို ကျွန်ုပ်သိရှိရပါသည်။ ထိုအကြာင်းအရာများကိုလည်း ဆက်လက်ဖော်ပြပါမည်။
မေး-  ဘာကြောင့် လခမရတာလည်းဆိုတာကို သိချင်တယ် အကုန်လုံးအစကနေပြောပြပါလား၊
ဖြေ- ဟုတ် ကျွန်တော်တို့က ( ---------------------) စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်၊              
မေး - အဲဒီဆိုင်မှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်နေ့ကစ၀င်တာလဲ။
ဖြေ - မနေ့ကတစ်လပြည့်တယ်၊ စ၀င်တဲ့ရက်တော့မမှတ်မိဘူး၊ ဆိုင်မှာ ကျန်ခဲ့တဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်ယောက်ကတော့ မှတ်ထားတယ်။
မေး - အလုပ်စ၀င်တုန်းက ဘယ်လိုမေးပြီးတော့ဝင်တာလဲ၊ ဘယ်သူသွားအပ်ပေးတာလဲ။
ဖြေ - ကျွန်တော်တို့ဒီမှာအလုပ်လုပ်ချင်တယ် ရလားလို့မေးတော့ (ဆိုင်ရှင်)က ရတယ်၊ လစာကိုတော့ တစ်လ ငါးသောင်းပေးမယ်၊ (၃)လတစ်ခါထုတ်ပေးမယ်လို့ပြောတယ်။
မေး - အဲဆို တစ်ဝက်တစ်ပျက်ထွက်ရင် လစာထုတ်မပေးဘူးလို့ရောပြောလား၊
ဖြေ - မပြောဘူး။
မေး - ၀င်တဲ့ရက် တစ်လပြည့်တာရောသေချာလို့လား ၊ (သေချာအောင်)
ဖြေ - (ကောင်လေး) ဒီတစ်ခါဝင်တာတော့ မပြည့်သေးဘူး၊ အရင်တစ်ခါကလည်း တစ်ခါဝင်ပြီးပြီ၊ (၈) ရက်ကြာလုပ်ရတယ်၊ ပြီးတော့ပြန်ထွက်တယ်၊ နောက်တော့ တစ်ခြားဆိုင်မှာ လုပ်မလို့ စိတ်ကူးတယ်
(ဆိုင်ရှင်) - နင်တို့ဆိုင်ကို ပြန်လာရင် အရင်လက ရက်တွေနဲ့ပြန်ပေါင်းပေးမယ်၊ အဲလိုပြောလို့ ကျွန်တော်တို့ ပြန်ဝင်လုပ်တယ်၊ ခုတစ်ခါက တစ်လလည်းပြည့်ပြီ အရင်လ(၈)ရက်နဲ့ပြန်ပေါင်းရင်ပေါ့၊ အဲတော့ ကျွန်တော်တို့လည်း တစ်လ ပြည့်တော့ မလုပ်ချင်တော့လို့ ကျွန်တော်တို့ အိမ်ပြန်မယ်၊ အိမ်မှာ ထင်းပြန်လုပ်ဖို့ရှိတယ်  တစ်လစာ လစာ ထုတ်ပေး လို့ပြောတယ်။
(ဆိုင်ရှင်) -  မပေးဘူး၊
(ကောင်လေး) - အပြည့်မပေးရင် ကားခဘဲပေး၊
ဆိုင်ရှင်- မပေးဘူး၊ (ပြန်ရင်ပြန်လေ)
ကောင်လေး - လခငွေမရရင်လည်း ကျွန်တော်နောက်တစ်ဆိုင်ရှာတွေ့ထားတယ် အိမ်မပြန်တော့ဘူး အဲဆိုင်ဘဲပြန်လုပ်တော့ မယ် အဲဆိုင်က လခတောင်ပိုကောင်းသေးတယ် မရလည်း အလှူလို့ဘဲ သဘောထား လိုက်မယ်” ဟူသော ၎င်းတို့၏ ပြောကြားသော အကြောင်းရင်းများကို သိရှိရ၍ လခငွေမရသည့် အကြောင်းရင်းကို ကျွန်ုပ် ကြားသိခဲ့ရပါသည်။

အထက်ပါအကြောင်းရင်းများကိုကြည့်ခြင်းအားဖြင့်လူအများစုကြီးသည်  အလုပ်တစ်ခုခုကို စတင်လုပ်ကိုင်ကြ သည်။  လခစား အလုပ်လည်း ဖြစ်ချင်ဖြစ်မည် ကိုယ်ပိုင်အလုပ်လည်း  ဖြစ်ချင်ဖြစ်မည်။ သို့သော် သူတို့သည် ယင်းအလုပ်ကို တာရှည်မလုပ်ကြ ဆက်မလုပ်ကြ။ တစ်ပတ်သာ လုပ်ကြသည်၊ တစ်လသာ လုပ်ကြသည်၊  တစ်နှစ်သာ  လုပ်ကြသည်။ အကြောင်းတခုခုပြပြီး  အလုပ်မှ နုတ်ထွက် လိုက်ကြသည် သို့မဟုတ် အလုပ်ကို ရပ်စဲလိုက်ကြသည်။

ထို့ကြောင့်  သူတို့သည် အောင်မြင်မှု  မရခင်  အရှုံးနှင့်သာ  ရင်ဆိုင်ကြရသည်။ အဆိုပါ အလုပ်များက ပေးစွမ်းနိုင်သည့် အခွင့်အလမ်းများ  သင်တန်းများနှင့်  အတွေ့အကြုံ ဗဟုသုတများကို လက်လွှတ် ဆုံးရှုံးကြရသည်။ လူများစုသည် အောင်မြင်မှုကို ဘယ်တော့မှ မရရှိကြ၊ ပန်းတိုင်သို့ ဘယ်တော့မှ မရောက်နိုင်ကြ၊ သူတို့သည် မူလနေရာမှပင် အမြဲတမ်း ရှိနေကြသည်။ သူတို့သည် အလုပ်တစ်ခုပြီးတစ်ခု အမြဲတမ်း ပြောင်းနေကြသည်။ သူတို့ကို“အလုပ် မျောက်လွှဲကျော်များ” ဟု ကင်ပွန်းတပ်နိုင်သည်။ အဘယ်ကြာင့်ဆိုသော် အလုပ်တစ်ခုတွင် လုံ့လ၀ိရိယရှိရှိလုပ်ကိုင်ခြင်းမရှိသည်ကို မြင်တွေ့နေရသော ကြောင့်ဖြစ်သည်။ သူတို့ ဤသို့ ဘာကြောင့် လုပ်ကြသနည်း အဖြေက ရှင်းရှင်းကလေးပင်  ဖြစ်သည်။ သူတို့ယင်းသို့  လုပ်ကြသည်မှာကိုယ့်အကြောင်းနှင့် မိမိတို့၏ ကိုယ်စွမ်းကိုယ်စကိုထုတ်မသုံး၊ မသိရှိကြသည့်အပြင် လုံ့လ၀ိရိယစိုက်ထုတ် ကြခြင်းလည်းမရှိသောကြောင့် လုပ်အားခလည်းမရရှိသည့်အဖြစ်မျိုးကြုံတွေ့နေရခြင်း ဖြစ်သည်။

သို့ဖြစ်၍ မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ မိမိကိုယ်၌ရှိနေသော ကိုယ်စွမ်းကိုယ်စကို အရင်းခံထုတ်သုံးပြီးလုပ်ကိုင် စေချင်ပါသည်။ ကိုယ့်ကိုကို ယုံကြည်လေးစားပြီး မည်သည့် အလုပ်ကိုမဆို စွဲမြဲစွာ လုပ်ကိုင်ကြပါဟု တိုက်တွန်းတင်ပြအပ်ပါသည်။
                                                            
နန်းဆောင်းလေပြေ (အွံအား)
Powered by Blogger.