Wednesday, March 15, 2017

“ ကလေးတွေကို လမ်းပြပေးပါ ကမ္ဘာကြီးရေ...”

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၆) ရက်


ကမ္ဘာလောကကြီးရေ… တို့ကလေးတွေ ဒီနေ့ကျောင်းဆင်းကြတော့မည်။ ကာလအတန်ကြာသည့် အထိ မင်းကိုသူတို့နားလည် နိုင်ကြဦးမည် မဟုတ်ပါ။ မင်းသူတို့ကို ကြင်ကြင်နာနာဆက်ဆံပေးပါရန် ကျွန်တော် မေတ္တာရပ်ခံအပ်ပါသည်။

မင်းသိသည့်အတိုင်း သူတို့က လောလောဆယ်အချိန်ထိ ကိုယ့်အိမ်မှာကိုယ် ဗိုလ်လုပ်နေခဲ့ကြသည်။ သူတို့ခံစားချက်များ ဝေဒနာများမှန်သမျှ မိဘကမပြတ်အကဲခတ်ပြီး ဖြေဖျောက်ပေး၍ ကုစားပေးနေခဲ့သည်။ နက်ဖြန်သန်ဘက်ခါစပြီး အခြေအနေအားလုံးက လုံးဝခြားနားသွားလိမ့်မည်။ အရင်တုန်းက တစ်ခါမှမကြုံဖူးသော စွန့်စားခန်းခရီးတွင် ဒုက္ခဆင်းရဲများ၊ ၀မ်းနည်းကြေကွဲစရာများလည်း ကြုံရလိမ့်မည်။ သူနိုင်ငါနိုင် ယှဉ်ပြိုင်ရသော တိုက်ပွဲတွင်လည်း ဆင်နွှဲရလိမ့်မည်။ ဤခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့၏ ယုံကြည်မှုများ၊ မေတ္တာတရားများ၊ ခံနိုင်ရည်မှုများ၊ သိနားလည်မှုများ အများကြီးလိုအပ်ပါလိမ့်မည်။ ထို့ကြောင့် သူတို့လေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရသည်ဘဲ ကမ္ဘာကြီးရေ။

သူတို့သိသင့်သိထိုက်သောအရာများ သိအောင်တတ်အောင် သင်ပြပေးစမ်းပါ။ ထို့အပြင် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ညှာညှာတာတာလေး ကိုင်တွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ လောကကြီးတွင် လူတိုင်းသမာသမတ်ရှိကြသည်မဟုတ်ပါ။ တရားသဖြင့် လုပ်နေကြသည်မဟုတ်၊ မမှန်မကန်သော လူသည်လည်းရှိကြသည်ကို သူတို့သိဖို့လိုသေးပါသည်။ ထိုကြောင့် လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက် အဖြစ်ရှိနေသည်။ လိမ်ညာကောက်ကျစ်သော နိုင်ငံရေးခေါင်းဆောင်ကောင်း တစ်ယောက်ရှိတိုင်း လေးစားကြည်ညိုစရာကောင်းသော နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက် ရှိစမြဲပါ။ ကိုယ့်ကို ဒုက္ခပေးမည့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကိုကူညီရိုင်းပင်းမည့် မိတ်ဆွေတစ်ယောက်ရှိသည်ကို လည်း သင်ကြားပေးစေချင်ပါသည်။ ထို့အပြင် အချိန်အားဖြင့် ပေးရမည်ဖြစ်ပြီး ကိုယ်တိုင်ရှာဖွေသော ငွေတစ်ကျပ်သည် အလကားရသော ငွေတစ်ရာထက် တန်ဖိုးရှိသည့်အကြောင်း၊ အရှုံးကို အပြုံးမပျက်ခံယူတတ်မှသာ အောင်နိုင်ချိန်တွင် ပြည့်ပြည့်၀၀ပျော်ရွှင်နိုင်မည်ဆိုသည့် အကြောင်းများကိုလည်း သူတို့သိနားလည်အောင် ဆောင်ရွက်ပေးစေချင်ပါသည်။

ဖြစ်နိုင်မည်ဆိုလျှင် သူတို့၏ မနာလိုဝန်တိုစိတ်တွင် ကင်းစင်အောင် သူတစ်ပါး၏ အဆင်ပြေမှု၊ အောင်မြင်မှုအတွက်လည်း မုဒိတာပွားတတ်အောင် သင်ကြားပေးစေချင်ပါသည်။ မအောင်မြင်မှုနှင့် ကြုံရသည့် အခါမျိုးတွင် အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်၍ ဇွဲသတ္တိရှိရှိနှင့် အောင်မြင်သည်အထိ ဆက်ကြိုးစားမည်ဆိုသော စိတ်ဆန္ဒဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါ။ သိမ်မွေ့သူကို သိမ်မွေ့စွာ ဆက်ဆံတတ်ဖို့၊ မာကျောသူနှင့်တွေ့သည့်အခါ ကိုယ်လည်းမာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။ အများနောက်ရောယောင်မလိုက်ဘဲ ကိုယ့်အသိဥာဏ်၊ ကိုယ့်ပိုင်ဆုံးဖြတ်ချက်ဖြင့် အလုပ်လုပ်တတ်ဖို့၊ ဘယ်သူ့စကားကိုမှ နားပိတ်မထားသော်လည်း ကြားသမျှစကားကို အမှန်တရားဖြင့် ဆန်ခါနှင့်စစ်ပြီးမှသာ လက်ခံမှတ်သားတတ်ဖို့၊ ၀မ်းနည်းကြေကွဲချိန် တွင်လည်း အပြုံးမပျက်နေတတ်ဖို့၊ သို့သော် မျက်ရည်ကျခြင်းကိုလည်း ရှက်စရာဟု မယူဆဖို့၊ တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းတွင်လည်း ဂုဏ်ကျက်သရေရှိနေတတ်ပြီး အောင်မြင်လျက် စိတ်ပျက်ရခြင်း ဆိုသည်မျိုးလည်းရှိ ကြောင်း သိရှိဖို့သင်ကြားပေးစေချင်ပါသည်။ မိမိဦးနှောက်၏ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံ ရောင်းချ တတ်ဖို့၊ သို့သော် နှလုံးသားနှင့်ဝိညာဉ်ကို ဘယ်သောအခါမှ  ဈေးနှုန်းမသတ်မှတ်ရန်လည်း သင်ဖို့လိုလိမ့်မည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် မိမိနှင့်သူတစ်ပါးနှိုင်းယှဉ်သည်မျိုး မလုပ်ဖို့လည်း သင်ပြပေးစေချင်သည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးသည် ကိုယ့်ထက်ကြီးကျယ်သောလူ၊ ကိုယ့်ထက်နိမ့်ပါးသောလူ များသည် အမြဲရှိနေမည်ဖြစ်သည်။ ကိုယ့်စံချိန်ကိုယ်ချိုးနှိမ်အောင်၊ မိမိ၏ယခင်ဆောင်ရွက်ချက်များထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်သည်။ လောကကြီးတွင် တစ်ခါတစ်ရံ အလောင်းအစားလုပ်ရသော အခါမျိုးရှိသလို အံစာတုံးကိုလက်လွှဲပေးရသည့်အခါမျိုးလည်း ရှိကြသည်ကို သူတို့သိဖို့လိုလိမ့်မည်။

လောကကြီးရေ သူတို့ကိုကြင်ကြင်နာနာဆက်ဆံပြီး အလိုမလိုက်ဘဲ၊ သိပ်လည်းမျက်နှာသာမပေးဖို့ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မီးဒဏ်ကိုနာနာခံပြီးမှသာ အသားကောင်းသောသံမဏိဖြစ်လာမည်။ ထို့အတွက်သူတို့သည် မိမိကိုယ်ကို ယုံကြည်သောစိတ်ထက်သန်ပြင်းပြစွာရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ။ ကိုယ့်ကို ကိုယ်ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်သောစိတ် သူတို့တွင် ကိန်းအောင်းလာလိမ့်မည်။

ကိုးကားချက် - ဖေမြင့် (နှလုံးသားအာဟာရစာအုပ်)
မူပေးမဲုင်းကောင်
Powered by Blogger.