Wednesday, March 29, 2017

ပေါင်းလင်းကျေးရွာတွင် ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေး ပညာဒါနသင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၉) ရက်






အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စတုတ္ထအကြိမ်မြောက် ယဉ်ကျေးလိမ္မာ၊ ပအိုဝ်းစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေးသင်တန်းကို ၂၀၁၇၊ မတ်လ(၁)ရက်နေ့မှစ၍ ဖွင့်လှစ်ပါသည်။
ယခုသင်တန်းတွင် အတန်းအလိုက် သင့်တော်ရာ ဘာသာရပ်များကို သင်ကြားလျက်ရှိပြီး  တက်ရောက်သင်ယူသည့် ကျောင်းသား/သူများမှာ (၂)တန်းမှ (၉)တန်းထိ (၂၀၀)ကျော် ရှိကာ ပေါင်းလင်းကျောင်း တိုက်အုပ်ဆရာတော် ဦးဥာဏသာမိ ဦးဆောင်သော ရဟန်းသံဃာ (၁၂)ပါး၊ ဆရာ/ဆရာမ (၁၃)ဦးဖြင့် သင်ကြားပေးနေပြီး ဘာသာရပ်များမှာ ပအိုဝ်းစာ၊ ဓမ္မစကြာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာအခြေခံ၊ လူမှုဆက်ဆံရေး၊သင်္ချာ ဘာသာရပ်များနှင့် ကျေးရွာတွင်းရှိ ကိုရင်ဝတ်နိုင်မည့် ကျောင်းသားများကိုလည်း ကိုရင်ဝတ်ရန်လိုအပ်သည့် စာများကိုလည်း သင်ကြားပေးနေပါသည်။
ကျောင်းသား/သူများမှာ သာယာကုန်း၊ လုံးတန်၊ ထီဆဲုင့်၊ ပလဲ့တဲင်း၊ ကောင်ငွိုန့်၊ နောင်ဖက်ပွုမ်း ကျေးရွာများမှ ဖြစ်ကြပါသည်။
ယခုလို ဖွင့်လှစ်ရခြင်းမှာ ကျေးရွာများမှ ကလေးငယ်များ ကျောင်းပိတ်ချိန်များတွင် အလေအလွင့်မရှိစေဖို့နှင့် ယဉ်ကျေးလိမ္မာလာအောင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ပအိုဝ်းစာအခြေခံဖြစ်သည့် လိတ်မွူး၊ ဘာသာရေး (၂)၊ အဂုင်္တ္တိုရ်(၁)အပြင် ခေတ်အခြေနေအရ တတ်သင့်တတ်ထိုက်သည့်  အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေး၊ သင်္ချာဘာသာရပ်များကိုလည်း လေ့လာသင်ယူနိုင်ဖို့ ထည့်သွင်းသင်ကြားပေးနေပါကြောင်းကို ပေါင်းလင်းကျောင်း တိုက်အုပ်ဆရာတော် ဦးဥာဏသာမိမှ မိန့်ကြားပါသည်။
ဤသင်တန်းကို   ၂၀၁၇၊ မတ်လ(၁)ရက်နေ့မှစ၍ ဖွင့်လှစ်ပြီး သင်္ကြန်ကာလတွင် ခေတ္တရပ်နားမည်ဖြစ်ကာ သင်္ကြန်ပြီးပါက ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဟု သိရသည်။ (၂)လတိတိ အပြည့်အ၀ သင်ကြားသွားမည်ဟု သိရသည်။

ခွန်ဓဇ

Powered by Blogger.