Monday, March 27, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာအုပ်စု၊ လွယ်မန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း(NCDDP) မိတ်ဆက်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၈) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာအုပ်စု၊ လွယ်မန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (National Comunity Driven Development Project) NCDDP-မိတ်ဆက်ပွဲနှင့် ကျေးရွာကော်မတီ ရွေးချယ်ပွဲကို ၂၀၁၇ - ခုနှစ်၊ မတ်လ(၁၉)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာန ခွန်အောင်ထွိုက်ဗွေမှ ရပ်မိရပ်ဖကိုယ်စား အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်၍ ရှေးဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များ ကျေးရွာကော်မတီ ရွေးကောက်ပုံ ရွေးကောက်နည်းများ ကော်မတီအဖွဲ့ဝင်များ လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အကြောင်းများကို ဦးစီးအရ့ာရှိ(နည်းပညာ) လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ခွန်အောင်ငြိမ်းမှလည်းကောင်း၊ ပြည်ထောင်စုအဆင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း သင်တန်းဆိုင်ရာ အကြံပေးအရာရှိ ဒေါ်ဌေးဌေးအောင်မှ လည်းကောင်း၊ ခွန်ကျော်သက်ဝေ၊ ခွန်တင်မောင်၊ စိုင်းအောင်မြင့်၊ နန်းဝါ၀ါဦး၊ နန်းမွေးခမ်း၊ မသင်းသင်းမာ၊ မသဇင်သန့်၊ မနန်းဗွာတို့မှ ဆွေးနွေးသင်ပြပေးခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်းသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆီဆိုင်မြို့နယ်သာ ပထမဦးဆုံး စီမံကိန်းဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ဘန်းဗွီးကျေးရွာအုပ်စုကို ရွေးချယ်ပြီး လေးနှစ်စီမံကိန်းအဖြစ် ကျေးရွာနေလူဦးရေအလိုက် ကျေးလက်ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ရေ၊ မီး၊ လမ်းတံတားနှင့် အခြေခံအဆောက်အဦးများကို ၂၀၁၇ - ခုနှစ်မှစ၍ လေးနှစ်စီမံကိန်းအဖြစ် ကူညီပံ့ပိုး ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး NCDDP သင်တန်းဆိုင်ရာအကြံပေးအရာရှိ ဒေါ်ဌေးဌေးအောင်မှ ပြောပြရာတွင်- လူထုဗဟိုပြုစီမံကိန်းသည် နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ စွမ်းရည်များကို တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ပေးသော စီမံကိန်းဖြစ်ပါကြောင်း၊ လူမျိုးဘာသာမရွေး အဆင့်အတန်းမခွဲခြားပဲ အားလုံးပါဝင်ဆွေးနွေးဆုံးဖြတ်ခွင့်ရရှိစေရန်နှင့် မိမိတို့ကျေးရွာ ဒေသဖွံ့ဖြိုးရေး အစီအစဉ်များကို ကိုယ်တိုင်စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ခွင့်ရှိပါကြောင်း ပြောပြပေးခဲ့ပါသည်။

ထိုလူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ပွဲကို NCDDP မှ တာဝန်ရှိပုဂ္ဂိုလ်များ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO မှ လူကြီးမင်းများ လွယ်မန့်ကျေးရွာဥက္ကဌ၊ အတွင်းရေးမှူးနှင့် ရွာသူ၊ ရွာသားများ ၂၈၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ 
Powered by Blogger.