ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် နောင်ခမ်းကျေးရွာအုပ်စု ပအိုဝ်းစာပေပြန့်ပွားရေးအဖွဲ့မှ နာယကဆရာတော် ဦးသုမနမှ သြ၀ါဒစကား မိန့်ကြားပြီး ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ နာယကမှ ဖြားခွန်စိန်ဝင်းက ရပ်မိရပ်ဖကိုယ်စား အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဆီဆိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူးနှင့် ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်ပယ်တို့က အားပေးအမှာစကားပြောကြားပြီး နောင်ခမ်းကျေးရွာအုပ်စု၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌမှ ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြေားကြားကာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ ခွန်ကျော်ဟိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် နောင်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းအောင် သံဃာတော်များ၊ ဘွဲ့ရကျောင်းသားလူငယ်များ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားလူငယ်များနှင့် ပအိုဝ်းစာပေသင်ကြားသော ကျောင်းသားလူငယ်များကို ဂုဏ်ပြုလက်မှတ်များ နှင့်ဆုတော်ငွေများ ပေးအပ်ခြင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် ငွေကြေးလှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြုလွှာမှတ်တမ်း ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာအောင်ဆုနှင်းသဘင်အခမ်းအနားနှင့် ပအိုဝ်းစာပေကျောင်းဆင်းပွဲအခမ်းအနားကို (၂၇)မှ (၂၈)နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားညတွင် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် စသည့်ဒေသအသီးသီးတို့မှ ပအိုဝ်းရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် လာရောက်ဖျော်ဖြေပေးခဲ့ပြီး နောက်ဆုံးညတွင် အကပဒေသာနှင့်အတူ မန္တလေးမြို့မှ ပအိုဝ်းတေးဂီတ(BLACK CAT) အဖွဲ့သားများဖြစ်သော ခွန်နိုင်ဝင်းဖြိုးဦးဆောင်သောအဖွဲ့နှင့် နောင်ခမ်းကျေးရွာအုပ်စု အနုပညာအဖွဲ့တို့က ပအိုဝ်းသီချင်းများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတွင် ပအိုဝ်းရိုးရာအကပဒေသာအဖွဲ့ စုစုပေါင်း(၃၀)ကျော် ရှိကြောင်း သိရှိရသည်။
ခွန်လာထို(ကောင်ရွဉ်)
Like On Facebook
Follow On Twitter
Subscribe On RSS