Monday, April 3, 2017

ဒီမိုကရေစီနှင့် ပအိုဝ်းလူမျိုးတို့၏အခြေအနေ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄) ရက်


စာရေးသူသည် စာရေးဆရာလည်းမဟုတ်သည့်အပြင် ပအိုဝ်းနိုင်ငံရေးလောကတွင်လည်း အုပ်ချုပ်သူလူတန်းစားတွင် ပါဝင်နေသူမဟုတ်သည့်အတွက် မိမိရေးသားသောဤဆောင်းပါသည် အဖွဲ့အစည်း တစ်ခုခုကိုသော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း ထိခိုက်မှုများရှိလာပါက အနာဂတ် ပအိုဝ်းအမျိုးသားတို့၏ အမျိုးသားရေးအကျိုးစီးပွားအတွက် ဝေဖန်ထောက်ပြခြင်းဖြစ်သည်ဟူသော အကောင်းမြင်ဝါဒများဖြင့် နားလည်ပေးပါရန် ဦးစွာမေတ္တာရပ်ခံပါသည်။

ရှေးယခင်က ပအိုဝ်းလူမျိုးတို့သည် မိမိတို့ကျေးရွာ၊ ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရာ အေးအတူပူအမျှ စည်းစည်းလုံးလုံးနှင့် ဒီမိုကရေစီနည်းလမ်းကျကျ လုပ်ဆောင်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ ကျေးရွာတွင်ကျေးရွာသူကြီးများ၊ ကျောင်းကော်မတီများ ရွေးချယ်တင်မြောက်သည့်အခါနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ရွေးချယ်ကြသည့်အခါများတွင်လည်း မဲခွဲမှုစနစ်များဖြင့် ရွေးချယ်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။ ပအိုဝ်းပြည်သူများသည်လည်း မိမိတို့ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များနှင့် အကြီးအကဲများတို့၏ စကားများ၊ လုပ်ဆောင်ချက်များကို နာခံတတ်ကြပြီး မိမိတို့၏ အမျိုးသားရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကျရာအခန်းကဏ္ဍများတွင် တက်တက်ကြွကြွ ပါဝင်ထမ်းဆောင်ခဲ့ကြပါသည်။

ထိုချိန်ကပအိုဝ်းလူမျိုးတို့သည် ပညာတတ်မြှောက်မှုများအားနည်းခဲ့ကြသော်လည်း မိမိတို့ဒေသ၊ မိမိတို့ယဉ်ကျေးမှုများနှင့် ကိုက်ညီသော စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ခဲ့ကြပြီး လိုက်နာကျင့်သုံး ဆောင်ရွက်ခဲ့ကြသည်။ အဘက်ဘက်မှမပြည့်စုံသော၊ နောက်ကျနေသော မိမိတို့ကျေးရွာဒေသများကို နိုင်ငံတော်အစိုးနှင့် အခြားအဖွဲ့အစည်းများ၏ အကူအညီများရရှိမှု မရှိသလောက်အားနည်းခဲ့သော်လည်း မိမိတို့၏ကျေးရွာဒေသများကို အေးချမ်းသာယာလှပလာအောင် စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသည်ကိုတွေ့မြင်ရ၍ စာရေးသူအနေဖြင့် ရှေးပအိုဝ်းလူမျိုးတို့၏ လက်ရုံးရည်၊ နှလုံးရည်များကို အားကျဂုဏ်ယူမိပါသည်။

ရှေးယခင်ကပအိုဝ်းခေါင်းဆောင်နှင့် အကြီးအကဲအသီးသီးတို့သည် ပအိုဝ်းအမျိုးသားတို့၏ အကျိုးစီးပွားများနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်ကြရာတွင် ဒီမိုကရေစီနည်းလမ်းကျကျဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးသော ဒေသ၊ ကျေးရွာ၊ ပုဂ္ဂိုလ်တို့ကို အေးချမ်းစွာကျင့်သုံးဆောင်ရွက်စေပြီး မလိုက်နာမကျင့်သုံးသော ဒေသ၊ ကျေးရွာ၊ ပုဂ္ဂိုလ်များကို ချမှတ်ထားသော စည်းကမ်းများအတိုင်း အပြစ်ပေးအရေးယူနိုင်ခဲ့ကြသည်ကိုမြင်တွေ့ရသောကြောင့် ပအိုဝ်းလူမျိုးများသည် မိမိတို့ဒေသဓလေ့နှင့်ကိုက်ညီသောစည်းကမ်းအတိုင်း ပိုင်နိုင်စွာကိုင်တွယ် ဖြေရှင်းတတ်သည်ကိုကြည့်ခြင်းအားဖြင့် ပအိုဝ်းဒေသများသည် စည်းကမ်းဥပဒေပိုင်းကိုလည်း လေးစားလိုက်နာကြောင်း သက်သေသာဓကတစ်ခုအနေဖြင့် မြင်တွေ့ရပါသည်။ ပအိုဝ်းဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ပအိုဝ်းနည်းပအိုဝ်းဟန်များဖြင့် လုပ်ဆောင်နိုင်ခဲ့ပြီး စည်းလုံးညီညွှတ်မှုများကို ကျစ်လစ်ခိုင်မာလာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

နောက်ပိုင်းတွင်နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲလာမှုများနှင့် ခေတ်စနစ်များအမျိုးမျိုးပြောင်းလဲလာမှုတို့ကြောင့် ပအိုဝ်းခေါင်းဆောင်တို့သည် နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပြီး ပအိုဝ်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပအိုဝ်းနည်းပအိုဝ်းဟန်များအပြင် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သောကြောင့် ပအိုဝ်းဒေသအတော်များများသည် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။ ပအိုဝ်းခေါင်းဆောင်တို့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတန်အသင့်လုပ်ဆာင်နိုင်ခဲ့သောကြောင့် ပအိုဝ်းမိဘပြည်သူအချို့တို့သည်လည်း မိမိသားသမီးရတနာများအား ပညာရေးလုပ်ငန်းများကို တစ်ဖြည်းဖြည်းအားပေးပံ့ပိုးလာနိုင်ခဲ့ကြပြီး ပအိုဝ်းခေတ်ပညာတတ်လူငယ်များလည်း တဖြည်းဖြည်းပေါ်ထွက်လာခဲ့သည်ကို တွေ့ရှိလာခဲ့ပါသည်။

ပအိုဝ်းဒေသဖွံ့ဖြိုးရေး၊ နိုင်ငံရေးခြေအနေများနှင့် ပတ်သက်ပြီး သမိုင်းအဆက်ဆက်တွင် ဖော်ပြသော စာအုပ်စာပေများ၊ ရှေ့မှီနောက်မှီ ပအိုဝ်းဘုန်းတော်ကြီးဆရာတော်များ၊ ပအိုဝ်းသက်ကြီးရွယ်အိုများ တို့ထံတွင် လေလာမေးမြန်းခြင်းဖြင့် သိရှိနိုင်ပါသည်။ ၂၀၁၀-ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံးလာနိုင်သည်နှင့်အမျှ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေး စသည့်အရာများသည် ကောင်းမွန်သောလက္ခဏာများဖြစ်ပါသည်။

သို့သော်လည်း လက်ရှိအချိန်အခါသည် ပအိုဝ်းလူမျိုးတို့ပညာရေးနှင့် နိုင်ငံရေးရေချိန်များသည် မြို့ပြများနှင့် ကျေးလက်တောရွာများသည် အလွန်ကွာခြားမှုများရှိနေပြီး ဒီမိုကရေစီသဘောတရားများကို မိမိတို့ပအိုဝ်းလူမျိုးတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ စရိုက်များ၊ ဒေသများနှင့် မကိုက်ညီမသင့်လျှော်သေးသော အချိန်အခါများတွင် လိုအပ်သည်ထက်ကျင့်သုံးလာပါက ခေတ်အဆက်ဆက် ပအိုဝ်းခေါင်းဆောင်များ၊ အကြီးအကဲများက ပအိုဝ်းနည်းပအိုဝ်းဟန် ချမှတ်ကျင့်သုံးခဲ့သော ပအိုဝ်းလူမျိုးအလေ့အကျင့်ကောင်းများ ဖြစ်သော စုပေါင်းလုပ်အားပေးများလုပ်ဆောင်ခြင်း၊ အလည့်ကျရွာစောင့်ရက်(ဒုံပွေါးလဲ့)၊ စုပေါင်းအလှူ အဒါန်းပြုခြင်း၊ ကျေးရွာများတွင်လူမှုရေးပြဿများပေါ်ပေါက်လာပါက ကျေးရွာလူကြီး(သမာဓိအဖွဲ့) ဆုံးဖြတ်ချက်သည် အတည်ဖြစ်ခြင်း၊ စုပေါင်းကျေးရွာရံပုံငွေရှာဖွေခြင်း၊ စုပေါင်း၍ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့်စသည်တို့ကို ထိခိုက်နိုင်ပါသည်။

ပအိုဝ်းလူမျိုးတို့၏ ဒေသ၊ ဓလေ့ထုံးစံ၊ စရိုက်၊ ယဉ်ကျေးမှုတို့သည် မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်းလူများများနှင့်အနီဆုံး အခြားညီနောင်တိုင်းရင်းသားများဖြစ်ကြသော ရှမ်း၊ တောင်ရိုး၊ ဓန အစရှိသည့် တိုင်းရင်းသားများနှင့်ပင် မတူညီဘဲ နိုင်ငံတကာများဖြစ်သော အမေရိကန်၊ အင်္ဂလန် အစရှိသည့် အခြားသောနိုင်ငံများ၏ ဓလေ့စရိုက်များကို ပအိုဝ်းဒေသတွင် လက်ရှိအချိန်တွင် ကျင့်သုံးမည်ဆိုပါက ကောင်းကျိုးထက်ဆိုးကျိုးများသာ ပိုမိုရရှိနိုင်ပါသည်။ ကျင့်သုံးလာမည်ဆိုပါက ပအိုဝ်းလူမျိုးတို့ ပညာရေးရေရှိန်များကို မြှင့်တင်ပြီး ပအိုဝ်းလူမျိုးတို့၏ ဓလေ့စရိုက်ကောင်းများ ၊ ယဉ်ကျေးမှုကောင်းများနှင့် အမွေအနှစ်များကို ထိခိုက်မှုမရှိစေဘဲ တဖြည်းဖြည်းကျင့်သုံးလာရမည်ဖြစ်သည်။

အမျိုးသားရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် သားစဉ်မြေးဆက်ရေရည်လုပ်ဆောင်ရသည့် လုပ်ငန်းများဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းစွာနှင့် တဖြည်းဖြည်းလုပ်ဆောင်လာရမည်ဖြစ်ပါသည်။ ခုရေတွင်းတူးခုရေကြည်သောက်မဖြစ်နိုင်ပါ။ ဒီမိုကရေစီခေတ်တွင် အမျိုးသားရေးအတွက် စည်းစည်းလုံးလုံးနှင့် ပအိုဝ်းလူမျိုးတို့၏ ဓလေ့စရိုက်လက္ခာများကို ပပျောက်မှုမရှိစေဘဲ ပအိုဝ်းအမျိုးသားတို့၏ လိုလားတောင့်တနေသောပန်းတိုင်သို့ အချိန်ယူတည်ဆောက်ရမည်ဖြစ်ကြောင်း မေတ္တာစေတနာဖြင့်တင်ပြလိုက်ရပါသည်။

ခွန်လာထို(ကောင်ရွဉ်)
Powered by Blogger.