တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂၅) ရက်
တောင်ကြီးမြို့နယ်၊ ထီဟန်ဆွေး+ဆင်တွူးအရိယာမဂ္ဂင်ဝိပဿာနာကျောင်းတိုက်တွင် တတိယအကြိမ်မြောက် အပတ်စဉ်ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များက ထီဟန်ဆွေး+ဆင်တွူး ကျောင်းဆရာတော်ထံ ငါးပါးသီလခံယူကာ သံဃာတော်များမှလည်း ပရိတ်တရားတော်ကို ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ထီဟန်ဆွေး+ဆင်တွူးကျောင်းဆရာတော်ထံမှ သြ၀ါဒခံယူခြင်း၊ သင်တန်းမှူးဖြစ်သော အရှင်ကုမာရမှ ဓမ္မစကူးလ်နှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ကျောင်းကော်မတီဝင်ဖြစ်သည့် ဖြားခွန်ညွန့်မောင်မှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။
ထို့နောက် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းကာ ရေစက်ချအမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဤသင်တန်းသို့ သင်တန်းသား (၃၀၀)ဦး၊ သင်တန်းဆရာ ရဟန်း(၁)ပါးနှင့်ဆရာမ(၉)ဦးတို့မှ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချပေးသွားမည်ဟု သိရှိရသည်။ ဓမ္မစကူးလ်ပထမတန်းစာမှာ သူငယ်တန်းနှင့်ပထမတန်း ကျောင်းသား/သူများ၊ ဒုတိယတန်းစာကို ဒုတိယတန်းနှင့်ပဉ္စမတန်းကျောင်းသား/သူများ၊ တတိယတန်းစာကို ဆဋ္ဌမတန်းနှင့် န၀မတန်းကျောင်းသား/သူများ အသီးသီး ခွဲထား၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ဤအခမ်းအနားသို့ အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (တောင်ကြီး)မှ ရဲအုပ် အောင်ထိုက်စိုး ဦးဆောင်သောအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကိုလည်း လာရောက်ရှင်းလင်းဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
နင်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS