တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်
၂၀၁၇- ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့မှ စတင်၍ မုဒိတာလူမှုဖွံ့ဖြိုးရေးအလှူရှင်အဖွဲ့နှင့် ရပ်ရွာလူထုတို့ ပူးပေါင်းပြီး အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဖြွမ်းကျေးရွာတွင် အလျား(၈၀)ပေ၊ အနံ(၃၀)ပေ၊ အခန်း(၈)ခန်း ပါရှိသောတစ်ထပ်ဆောင် ဆရာ/ဆရာမများ ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်နေကြောင်း သိရှိရပါသည်။
အဆိုပါ အဆောက်အဦးကို ကျောင်းဖွင့်ကာလမတိုင်မီ အပြီးသတ် တည်ဆောက်သွားမည်ဟု သိရှိရပါသည်။ ယင်းအဆောက်အဦး ပြီးစီးအောင်မြင်ရန်အတွက် ရပ်ရွာလူထုများက ကျပ်(၅၆)သိန်းကျော်၊ မုဒိသာလူမှုဖွံ့ဖြိုးရေး အလှူရှင်အဖွဲ့မှ ကျပ်သိန်း(၁၀၀)ကျော် စုပေါင်း၍ ကျပ်သိန်းပေါင်း (၁၅၀)ကျော် ကုန်ကျမည်ဟု သတင်းရရှိပါသည်။
မုဒိတာလူမှုဖွံ့ဖြိုးရေး အလှူရှင်နှင့် ရပ်မိရပ်ဖတို့ ပူးပေါင်း၍ ပုံဖြွမ်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးကို ၂၀၁၄-ခုနှစ်မှ စတင်အကောင်အထည်ဖေါ်ပြီး ယခု ၂၀၁၇- ခုနှစ်ထိ (၄)နှစ်တိုင် ရှိပြီဖြစ်၍ ယင်းတို့၏ စီမံကိန်းသည် (၆)နှစ်စီမံကိန်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းအလှူရှင်အဖွဲ့သည် သောက်သုံးရေများ အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ပေးခြင်း၊ လေးတန်အောင်ကလေးများ ပညာသင်ထောက်ပံ့ပေးခြင်း၊ မူကြိုကျောင်းနှင့်မူကြိုဆရာ/ဆရာမများ ပေါ်ပေါက်လာစေခြင်း၊ တစ်နှစ် တစ်ကြိမ်ကလေးများ သွားကျန်မာရေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ ဆိုင်ရာအသိပညာဟောပြောပေးခြင်း နှင့် ဆေးဝါးများ ထောက်ပံပေးခြင်း ၊ နွေရာသီ အင်္ဂလိပ်စကားပြော ဖွင့်လှစ်သင်ကြားပေးခြင်း နှင့် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပေးခြင်း စသည့် ရပ်ရွာလူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို ရပ်ရွာလူထုများနှင့်အတူ စွမ်းစွမ်းတမံ လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ ၎င်းအလှူရှင်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ် အစရှိသည့် တိုင်းရင်းသားနေထိုင်ရာ ကျေးရွာဒေသများတွင် လူထုအကျိုးပြုလုပ်ငန်းများကို လူထုများနှင့်အတူ ကူညီလုပ်ဆောင်နေကြောင်း သတင်းရရှိပါသည်။
ခွန်ထွန်းကြည် (ပုံဖြွမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS