Monday, July 17, 2017

ပါရမီဖွံ့ဖြိုးရေးကွန်ယက် အလုပ်အမှုဆောင်အသစ် ရွေးချယ်ခြင်း(၁)နှစ်ပြည့်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု ပြည်လည်သုံးသပ်ခြင်း အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်




ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် အလုပ်အမှုဆောင်အသစ် ရွေးချယ်ခြင်း(၁)နှစ်ပြည့်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု ပြည်လည်သုံးသပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးခွန်အောင်ခင်၊ ဒု-ဥက္ကဋ္ဌ ဆရာခွန်မောင်ဘော်၊ အကြံပေး ဦးခွန်အုန်းငွေ၊ ဦးခွန်မြမောင်၊ စောခွန်ကျော်ဝင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက်အနေဖြင့် ၂၀၁၆-၂၀၁၇ခုနှစ်တွင် လုပ်ဆောင်ခဲ့သော လုပ်ငန်းအခြေအနေများ၊ ဘဏ္ဍာရေးအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ကာ လုပ်ငန်းအထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရှိရသည်။

ပါရမီဖွံဖြိုးရေးကွန်ယက်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောက်ရွက်ရာ၌ ပိုမိုတွင်ကျယ်လာစေရန် ရည်ရွယ်၍ ၂၀၁၆ခုနှစ်၊ ဇူလိုင်လတွင် အမှုဆောင်အသစ်များတာဝန်ပေးအပ်ခြင်းနှင့် အဖွဲ့ဝင်များ ဖိတ်ခေါ်ခြင်းအခမ်းအနားကို ပြုလုပ်ကာ အလုပ်အမှုဆောင် စုစုပေါင်း(၉)ဦးနှင့် အဖွဲ့ဝင်(၃၀)ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်၌ ၀န်ထမ်း(၄၀) ခန့်အပ်နိုင်ခဲ့ကြောင်းသိရှိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ငြိမ်းချမ်းရေးရယူသည့် ၁၉၉၁ခုနှစ် နောက်ပိုင်းတွင် PNO အမည်နှင့်သာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ရာမှ ၂၀၁၂ခုနှစ်တွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်ဟု တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်အစိုးရမှ တရားဝင်မှတ်ပုံတင်ရရှိခဲ့ကြောင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်သည် ယနေ့အထိ ပြည်တွင်း၊ ပြည်ပရှိ INGO၊ NGO အဖွဲ့ပေါင်း(၃၀)ကျော်နှင့် ပူးပေါင်း၍ ဒေသတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မွေးမြူရေးစသည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

နဂါ့ခွန်
Powered by Blogger.