တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်
၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့၊ စနေနေ့တွင် ဂျပန်အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် TPA(ကမ္ဘာ့လူသားအဖွဲ့) နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းအကောင်အထည်ဖော်နေသော အထက်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို မနက်ပိုင်း (၁၁း၀၀)နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တင်းထက်ကျေးရွာ၊ အ.ထ.က တင်းထက်နှင့် မွန်းလွဲပိုင်း(၁း၀၀)နာရီ အချိန်တွင် အ.ထ.က (၁) ပင်လောင်းမြို့တွင် လည်ကောင်း ကျင်းပခဲ့ပါသည်။
အဆိုပါပညာသင်ထောက်ပံ့ကြေးအခမ်းအနားကို ပါရမီဖွံဖြိုးရေးကွန်ယက်အဖွဲ့မှ နာယက ဦးအုန်းငွေ၊ ဒုဥက္ကဌ ဦးလှဘော်၊ အတွင်းရေးမှူး ခွန်ချစ်ဦး၊ ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်းဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား/သူများနှင့် မိဘများတို့မှ တက်ရောက်ပြီး ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များကို ဆရာကြီး ဦးအုန်းငွေကလည်းကောင်း ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ဦးခွန်မောင်ဘော်မှ လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကျောင်းအသီးသီးမှ ပညာသင်ထောက်ပံ့ကြေးအတွက် ရွေးချယ်ခံရသော ကျောင်းသား/သူများအား ပထမအရစ်အနေဖြင့် ကျောင်းသားတစ်ဦးလျှင် ကျပ်(၁၀၀၀၀၀)တိတိကို ကျောင်းသား/သူစုစုပေါင်း (၂၄)ဦးကို ပေးအပ်ပြီး ဒုတိယအရစ်ကို ဒီဇင်ဘာလတွင် ကျပ်(၅၀၀၀၀)ကို ထပ်မံ ပေးအပ်မည်ဖြစ်သည်။ ၂၀၁၅ခုနှစ်မှစတင်ပြီး၂၀၂၁ခုနှစ်ပညာသင်နှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြသော ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့တွင် ယခင်က ကျောင်းသား/သူ(၃၆)ဦးကို နှစ်စဉ်ရွေးချယ်ပြီး ယခု (၇၂)ဦးကို ရွေးချယ်ကာ ပညာသင်ထောက်ပံ့ကြေးပေးလျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။
ထိုဒေသတွင် အခက်အခဲဖြစ်နေသောကလေးများ၏ အထက်တန်းပညာရေးကို သင်ယူခွင့်ရရှိအောင် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်မှ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်များကို ပေးအပ်ပြီးဖြစ်၍ ကျန်သော ဆီဆိုင်မြို့နယ်ကိုလည်း လာမည့် (၂၈)ရက်နေ့ တနင်္လာနေ့တွင် ဆက်လက်ပြီး ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS