Sunday, September 10, 2017

(၄၂) နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်










ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာရှိ ပအိုဝ်းအာဇာနည်ကုန်းတွင် (PNA) အသွင်ပြောင်းဌာနေ ပြည်သူ့စစ်အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီတို့က ဦးဆောင်၍ (၄၂)နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားကို ၂၀၁၇၊ စက်တင်ဘာ (၁၀)ရက်နေ့၊ တော်သလင်းလပြည့်ကျော် (၅)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခုလို ခမ်းခမ်းနားနား ပြုလုပ်ရသည်မှာ (၃)ကြိမ်သာ ရှိသေးကြောင်း၊ ၁၉၇၅-ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၅)ရက်နေ့တွင် ကွယ်လွန်သွားသည့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေနှင့် ပအိုဝ်းအမျိုးသားအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သွားခဲ့သည့် ပုဂ္ဂိုလ်များအား အာဇာနည်အဖြစ် သတ်မှတ်ကာ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊   တော်သလင်းလပြည့်ကျော် (၅)ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် သတ်မှတ်ထား ပါကြောင်း၊  အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်ရဖို့၊ ပအိုဝ်းသမိုင်း ကြောင်းများ မမေ့ပျောက်စေဖို့၊ ပအိုဝ်းအမျိုးသားများ စည်းစည်းလုံးလုံးရှိစေဖို့နှင့် ခေါင်းဆောင်ကြီးများ ချမှတ်ထားသည့် လမ်းစဉ်များကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်များဖြင့် ပအိုဝ်း အာဇာနည်နေ့ကို ကျင်းပရခြင်းဖြစ်ကြောင်းကိုလည်း (PNA) အသွင်ပြောင်းဌာနေ ပြည်သူ့စစ်၊ ဌာနချုပ်ရုံး၊ တွဲဖက်ကွပ်ကဲရေးမှူး (၁) ဖြစ်သည့် ဖြားခွန်အောင်သန်းက ပြောကြားခဲ့ပါသည်။

အာဇာနည်ပုဂ္ဂိုလ်တို့အား ရည်စူး၍ ပင့်ကျောင်း (၄၃)ကျောင်းမှ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်း၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပအိုဝ်းစာပေပြန့်ပွားရေး သံဃာ့အဖွဲ့ ဥက္ကဋ္ဌ ဆီဆိုင်ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ ခံယူခြင်း၊ တရားတော်နာယူခြင်းနှင့်ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၄၂) နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ အခမ်းအနားသို့ (PNA) အသွင်ပြောင်းဌာနေပြည်သူ့စစ် ဗဟိုစစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြားခွန်ပီတာထွန်းနိုင်၊ ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်နှင့် စစ်ဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီမှ တာဝန်ရှိ အကြီးအကဲများ၊ ပအိုဝ်းဒေသ အသီးသီးရှိ မိဘပြည်သူများ   ပရိသတ်အင်အား (၅)ထောင်ကျော် လာရောက် ဂါရ၀ပြု တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခွန်ရာဇာဓိပတိ


Powered by Blogger.