Thursday, September 14, 2017

ဖာမွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း (၆၀)လာရောက်ယှဉ်ပြိုင်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်




တောင်ကြီးမြို့နယ်၊ ဖာမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့မှ စတင်ကျင်းပရာ တောင်ကြီး၊ ဟိုပုံး၊ နောင်တရားမြို့နယ်၊ ကျောက်တလုံးမြို့နယ်များမှ ဘောလုံးအသင်းပေါင်း(၆၀)လာရောက်ယှဉ်ပြိုင်ကြောင်းသိရသည်။

“အားကစားလူငယ်များ အားကစားစိတ်ဓာတ်မြှင့်တင်ရန်၊ အားကစားသမားများ ပိုမိုထွန်းကားလာစေရန်၊ မူးယစ်ဆေးဝါးပပျောက်စေရန်နှင့် တစ်ရွာနှင့်တစ်ရွာ ပိုမိုရင်းနှီးလာစေရန် စသည့်ရည်ရွယ်ချက်နဲ့ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်တယ်၊ အသင်းပေါင်း(၆၀)လာရောက်ဝင်ပြိုင်တယ်၊ တစ်သင်းကို ၀င်ကြေး(၄၀၀၀၀)ကျပ် သတ်မှတ်ပြီးတော့ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ဆုအသီးသီးတို့ကို ရံပုံငွေပေါ်မူတည်ပြီးပေးသွားမယ်၊ ယခုလိုမျိုး ဘောလုံးပြိုင်ပွဲကျင်းပရတာ နှစ်ပေါင်း(၃၀)ကျော်ရှိပြီပေါ့၊ မနှစ်က အသင်းပေါင်း (၅၁)သင်းလာရောက်ဝင်ပြိုင်တယ်၊ ဒီနှစ်မှာတော့ အသင်းပေါင်း(၆၀)၀င်ပြိုင်တယ်ဆိုတော့ တစ်နှစ်ထက်တစ်နှစ် ဘောလုံးအသင်းတွေ လာရောက်ယှဉ်ပြိုင်မှု ပိုများလာတာပေါ့” ဟု  ဖာမွန်းကျေးရွာဘောလုံးကော်မတီဥက္ကဋ္ဌ ဖြားခွန်တထုံမှ ပြောကြားခဲ့ပါသည်။

ပြိုင်ပွဲကို စက်တင်ဘာ(၁၄)ရက်နေ့မှ အောက်တိုဘာ(၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းယခုလိုမျိုးအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ရသည်မှာ ရပ်ရွာရှိ စေတနာရှင်မိဘပြည်သူများနှင့် အလှူရှင်များ မတည်ငွေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နန်းတဆံထီ
Powered by Blogger.