Saturday, September 30, 2017

“ပအိုဝ်းလူမျိုးသည် ဓလေ့ထုံးတမ်း များပြားသော လူမျိုးတစ်မျိုးဖြစ်ကြောင်း” ဒုဗိုလ်မှူးကြီး ဖြားခွန်လာမဲင်း ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်






အထူးဒေသ(၆)၊ လွိုင်လင်မြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လုံးအောင်ရွာဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလ(၂၉)ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) (ခမ်း၊ နယ်;၊ အွိုင်;) အဖွဲ့မှ ပြုလုပ်ကျင်းပသော လူထုတွေ့ဆုံပွဲတွင် အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တွဲဖက်ကွပ်ကဲရေမှူး (၂)  ဒု-ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ဤသို့ ပြောကြားထားသည်။

“အခြားတိုင်းရင်းသားတွေ၊ နိုင်ငံခြားသားတွေက ကျွန်တော်တို့ပအိုဝ်းလူမျိုးကို ၀တ်စားဆင်ယဉ်မှုနဲ့ ကိုးကွယ်မှုကိုဘဲ အများအားဖြင့် သိကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းများကိုတော့ သိပ်မသိကြဘူး၊ တကယ်တော့ ကျွန်တော်တို့ ပအိုဝ်းတွေမှာ ဘိုးဘွားဘေဘင်တွေ ထားခဲ့တဲ့ ဓလေ့ထုံးတမ်းတွေက ပြောပြလို့ မကုန်လောက်အောင် ပေါများလှတယ်၊  ဥပမာ- ငေါဝ်းတဲက်တို့၊ ငေါဝ်းကဲးတို့ ငေါဝ်းတွယ်တို့၊ လူပျိုအပျိုလည်တာတို့၊ တစ်ယောက်နဲ့တစ်ယောက် အလှည့်ကျ ကူညီရိုင်းပင်းတာလို့၊ ရှင်လောင်းပွဲလုပ်ရင် တစ်ရွာနဲ့တစ်ရွာ ကုသိုလ်ယူ ကူညီပေးတာလို့၊  တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ဘာဟင်းစားလဲ၊ နာမည်ဘယ်လိုခေါ်လဲ ဒါတွေပေ့ ပြောပြရင် မကုန်နိုင်ဘူး၊ ဒါတွေကို သူများသိပ်မသိကြဘူး၊ ပေါင်းကြည့်မှဘဲ သိနိုင်တဲ့အရာတွေမို့ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် လူမျိုးတစ်မျိုး၏ အသက်သွေးကြောသည် စာပေ၊ ဘာသာစကား၊ ကိုးကွယ်မှု၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုများပင် ဖြစ်ကြောင်း၊ ထိုလူမျိုးများ၏ လက္ခာဏာအင်္ဂါရပ်များကို မပျောက်ကွယ်အောင် ထိန်းသိမ်းရန်မှာ အရေးကြီးလှပါကြောင်း၊ ကမ္ဘာပေါ်တွင် ယခင်က လူမျိုးပေါင်း(၆၀၀၀) ရှိခဲ့သော်လည်း ယခုအခါတွင် (၃၀၀၀)ကျော်လောက်သာ ကျန်ရှိတော့သည်ဟု သိရှိရကြောင်း၊ ဤသည်မှာ တစ်ချို့က နယ်ချဲ့ခံရပြီး လူမျိုးတုံးသတ်ဖျက်မှုများကြောင့် ပျောက်ကွယ်သွားခဲ့ရပြီး တစ်ချို့မှာ မိမိဘာသာ၊ ယဉ်ကျေးမှုများကို မထိန်းသိမ်းသောကြောင့်  ကွယ်ပျောက်ရခြင်းဖြစ်ကြောင်း၊ ထိုလက္ခဏာဂုဏ်အင်္ဂါရပ်များကို ထိန်းသိမ်းရာတွင် တပ်မတော်(သို့)စစ်တပ်သည်လည်း အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဖြားခွန်လာမဲင်းက ထပ်လောင်း သတိပေးပြောကြားခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီမှ ဖြားခွန်ဆရာကိုးက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှေ့လုပ်ငန်းစဉ်နှင့်အမျိုးသားနိုင်ငံရေးကို သော်လည်းကောင်း၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)မှ အကြံပေး ဗိုလ်မှူးခွန်ဆန်းကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး(NCA)နှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်(COC)နှင့် အမျိုးသားအခွင့်အရေးကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူးခွန်စောလွင်က ဗဟိုဌာနချုပ်ရုံး၊ ဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်း၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၄)၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးခွန်စောနိုင်က ဒေသလုံခြုံရေးကို ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖြားခွန်ဌေးက ဒေသအခြေအနေ၊ လိုအပ်ချက်များကို သော်လည်းကောင်း အသီးသီးဟောပြော ရှင်းလင်းပေးခဲ့ကြပြီး ဒေသခံပြည်သူများ(၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.