Saturday, September 30, 2017

ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့် မျက်ခြေမပြတ်စေလိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ ပြောကြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်









၂၀၁၇ ခုနှစ်၊ စက်တင်ဘာ(၃၀)ရက်နေ့၊ အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်၊ နားရီဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ခမ်း၊ နယ်၊ အွိုင်း မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့်မျက်ခြေမပြတ်စေလိုကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

 ဆင်းရဲအောင်လုပ်တာလည်း နိုင်ငံရေး၊ ချမ်းသာအောင်လုပ်တာလည်း နိုင်ငံရေး၊ နိုင်ငံရေးသည် အရေးကြီးသည့်အတွက်  မိဘပြည်သူများအနေဖြင့်  နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုပါကြောင်း၊   ပဲ၊ စပါး၊ ရွှေကစ ဈေးနုန်းများ တက်လိုက် ကျလိုက်ဖြစ်တာလည်း နိုင်ငံရေးကြောင့် ဖြစ်ကြောင်း၊ တိုင်းပြည်အုပ်ချုပ်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များသည် စေတနာ ၀ါသနာ ရှိရုံနဲ့ မလုံလောက်ပဲ စီမံခန့်ခွဲ့မှု ကျွမ်းကျင်ဖို့ လိုအပ်ကြောင်း၊ စီမံခန့်ခွဲမှုကျွမ်းကျင်လျှင် စီးပွားရေးတိုးတက်မယ်ဖြစ်ပြီး မကျွမ်းကျင်လျှင် စီးပွားရေး ဆုတ်ယုတ်သွားမည်ဖြစ်ကြောင်း၊  မိဘပြည်သူများအနေဖြင့် နိုင်ငံရေး အခြေနေတွေကို မျက်ခြေမပြတ်ဖို့ လိုအပ်ကြောင်း၊  ပအိုဝ်းအမျိုးသားများအနေဖြင့် ခေါင်းဆောင် အဆက်ဆက်များ၏ မူဝါဒအတိုင်း ယခု ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ ဦးဆောင်မှုအောက်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ ပအိုဝ်းလူမျိုးများအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရရှိဖို့ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊     အစိုးရဌာန
ဆိုင်ရာများတွင် ဘာသာစကားအခက်အခဲနှင့် လုပ်ငန်း လုပ်ဆောင်မှုများ အဆင်ပြေလာစေရန် ပအိုဝ်းအမျိုးသားများအနေဖြင့် ၀င်ရောက်ထမ်းဆောင်ဖို့ လိုအပ်ကြောင်း၊ ရှိသင့်သည့်လုပ်ပိုင်ခွင့်မှန်သမျှ ကိုယ့်လက်ထဲရောက်ရှိဖို့ ပအိုဝ်းအမျိုးသားများအနေဖြင့် ညီညီညွှတ်ညွှတ် ရှိနေဖို့ လိုသလို နိုင်ငံရေး ကိစ္စရပ်များတွင် ပါးနပ်စွာ လုပ်ဆောင်တတ်ဖို့ လိုပါကြောင်း၊ အိမ်တိုင်း၊ ရွာတိုင်း၊ အုပ်စုတိုင်း စည်းလုံး ညီညွှတ်စွာ ရှိနေဖို့ လိုအပ်ကြောင်းကိုလည်း ဖြားခွန်သိန်းဖေမှ ပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကန်တော်တန်ဒေသ၊ အွိုင်းနားရီးဥက္ကဋ္ဌ ဖြားဆရာအောင်ထွဉ်က အဖွင့်အမှာစကားနှင့် ဖြားဗွာခမ်း၊ ခမ်းဗွေး- ဖြားမြင့်အောင်က မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက အနာဂတ်နိုင်ငံရေးနှင့်အဖွဲ့အစည်း တည်ဆောက်ရေး လမ်းစဉ်များ၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့်ဌာနအသီးသီး လုပ်ဆောင် ချက်များကို ဟောပြောပေးခဲ့ကြောင်း သိရသည်။

ခွန်ဓဇ

Powered by Blogger.