၂၀၁၇-ခုနှစ်၊ ဇွန်-ဇူလိုင်လအတွင်း ကွင်းဆင်းလေ့လာချက်မှ မိမိတို့ပအိုဝ်းလူမျိုးများ ငြိမ်းချမ်းရေး မယူခင်ကာလအတွင်း ကြုံတွေ့ခံစားခဲ့ရသည့်အခြေအနေများကို မျိုးဆက်သစ်လူငယ်များအား အနည်းငယ်ပြန်လည်ဝေမျှလိုပါသည်။ မိမိတို့လေ့လာခဲ့သည့်မြို့နယ်များမှာ လွိုင်လင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်များသို့ ပအိုဝ်းပြည်သူစုစုပေါင်း (၂၇၅)ဦးတွေ့ဆုံခဲ့ပါသည်။
ကွင်းဆင်းတွေ့ရှိချက်အရ မိမိတို့ဒေသ ငြိမ်းချမ်းရေးမတိုင်ခင်ကာလ ပညာရေးကဏ္ဍတွင် ကျောင်းမရှိသည့်ရွာများ၌ ကိုယ်ထူကိုယ်ထကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြင့် သင်ကြားခဲ့ရပြီး အချို့သောရွာများတွင် အစိုးရမူလတန်းကျောင်းများရှိခဲ့သော်လည်း စစ်ဘေး၊ စစ်ဒဏ်ကြောင့် စာသင်ကျောင်းအချိန်ပြည့်မတက်ခဲ့ရပေ။ အစိုးရစာသင်ကျောင်းများ၌ ပညာသင်ကြားရာတွင် လူမျိုးခွဲခြားခံရခြင်း၊ အဆင့်အတန်းဖိနှိပ်ခံရခြင်းကြောင့် မိမိတို့ပအိုဝ်းလူမျိုးများပညာရေးအပိုင်းတွင် များစွာအဆင့်အတန်း နိမ့်ကျခဲ့ပေသည်။ ပအိုဝ်းကျေးရွာအများစုတွင် အလယ်တန်းနှင့်အထက်တန်း မရှိသည့်အတွက် မူလတန်းဖြင့်သာကျေနပ်ခဲ့ရပြီး လယ်ယာလုပ်ငန်းနှင့်အတူဘဝဆက်ခဲ့ရပေသည်။ ပအိုဝ်းကျေးရွာအများစုတွင် လက်နက်ကိုင်ပေါင်းစုံရှိသည့်အတွက် ဆရာ/ဆရာမများ အချိန်ပြည့် သင်ကြားနိုင်ခြင်းမရှိပဲ လက်နက်ကိုင်များဝင်လာတိုင်း ထွက်ပြေးတိမ်းရှောင်နေရသည်။ ယခင်စစ်ဘေးဒဏ် ကြုံခဲ့ရသည့် အချို့မိဘများမှာ ပညာရေးဟူသည်နားမလည်သည့်အပြင် အသိအမြင် နည်းပါးခဲ့သည့်အတွက် မျိုးဆက်သစ် သား/သမီးပညာရေးကိုလည်း ဦးစားပေးမှုမရှိတော့ပေ။ ဒေသအတွင်းတွင်အစိုးရခန့် ဆရာ/ဆရာမများရှိသော်လည်း အချိန်ပြည့်မရှိခြင်း၊ ပြောင်းလဲနေရခြင်း၊ ရွာရှိကလေးများသည် တိုင်းရင်းသားဘာသာစကားတစ်ခုတည်းသာ နားလည်ခြင်း ထို့ကြောင့် ပအိုဝ်းလူမျိုးများ၏အနာဂါတ်ပညာရေး တိုးတက်မှုနှောင့်နှေးခဲ့ရပြီး အထက်တန်းအောင်နှင့် ဘွဲ့ရသူနည်းပါးခဲ့ရသည်။
ပအိုဝ်းလူမျိုးများငြိမ်းချမ်းရေးမယူခင်ကာလတွင် ပအိုဝ်းဒေသ၌ ကျန်းမာရေးဆေးပေးခန်းများ မရှိသောကြောင့် တိုင်းရင်းဆေးဆရာများ၊ ရမ်းကုဆရာများ၊ ဒေသခံသားဖွားလက်သည်များဖြင့် ကုသခဲ့ရသည်။ ရောဂါပြင်းထန်လာသောအခါ ဆေးရုံတက်ရန်အတွက် နွားလှည်းဖြင့် မြို့ပေါ်ရှိဆေးရုံများသို့ ရောက်ရှိရန် အနည်းဆုံး(၃-၄)ရက်ခရီးဖြင့်သွားခဲ့ရသည်။ ငွေကြေးခက်ခဲသည့်လူနာများသည် ပိန္တောဆရာများဖြင့်သာကုသခဲ့ရခြင်းကြောင့် အသက်ဆုံးပါးခဲ့ရသူများလည်းရှိခဲ့သည်။ ယခင်က ကျေးရွာများ၌ ဝက်သက်ရောဂါဖြစ်ပွားလျှင် ကာကွယ်ဆေးထိုးရမည်ကိုမသိခဲ့သည့်အတွက် ကံကိုသာယိုးမယ်ဖွဲ့ခဲ့ကြသည်။ (ဥပမာ - ဒီရောဂါကလူတိုင်းဖြစ်နေတာ တစ်နေ့ငါ့အလှည့်ရောက်လာမှာပဲဟု မှတ်ယူကြပေသည်။) ဝမ်းရောဂါဖြစ်လျှင်လည်း ရှေးထုံးအစဉ်အလာကဲ့သို့ နတ်တင်ယစ်ပူဇော်ခြင်းဖြင့်သာ ကုသခဲ့ကြသည်။ အင်းကွက်ကုနည်းများ၊ ဥုံဖွစနစ်များဖြင့်ကုသခဲ့ကြပြီး အခြေအနေဆိုးလာသည့်အခါမှသာ ဆေးရုံသို့ပို့ဆောင်ကြလေသည်။ ကျေးရွာတွင်ဆေးပေးခန်းမရှိသောကြောင့် ရွာရှိလက်သည်ဖြင့် မွေးဖွားခဲ့ကြရပြီး ကလေးမွေးဖွားရာတွင် ဖွားသေနှုန်းများကာ တခါတရံတွင် ဆေးရုံသို့သွားရာ၌ လမ်းခရီးခက်ခဲခြင်းများကြောင့် နွားလှည်းပေါ်မွေးဖွားခဲ့ရခြင်းများလည်းရှိခဲ့သည်။ တစ်ဖက်တွင်လည်း လူနာများကုသဖို့ရန် နိုင်ငံခြားဆေးများဝယ်ယူသောအခါ အစိုးရစစ်တပ်မြင်လျှင် ဖမ်းဆီးခြင်းခံရပြန်သည်။
စီးပွားရေးလုပ်ငန်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံဝင်လာတိုင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း အချိန်ပြည့်မလုပ်ခဲ့ရပေ။ လယ်ယာလုပ်ငန်းခွင်ဆင်းရာတွင်လည်း ပေါ်တာဆွဲခံရခြင်းကြောင့် လုပ်ငန်းခွင်စောစီးစွာမဝင်ရဲကြပေ။ ညအမှောင်မှ ပြန်လာသည့်လယ်သမားများကိုလည်း စစ်ဆေးမေးမြန်းခြင်းခံရပြန်သည်။ လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် ယခင်ကနွားလှည်းလမ်း၊ မြေနီလမ်းဖြင့်သာရှိခဲ့ပြီး လမ်းများကိုလည်းကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် မိုးရာသီအချိန်တွင် မြို့ပေါ်သို့ ကုန်ပစ္စည်းများရောင်းချရာ၌ နွားလှည်းကို အသုံးပြု၍ လည်းကောင်း၊ ထမ်းစင်အသုံးပြု၍လည်းကောင်း အနည်းဆုံး(၁-၂)ညအိပ်ခရီးဖြင့် သွားလာခဲ့ရသည်။ အချို့ကျေးရွာများတွင် လယ်ယာထွက်ကုန်ပစ္စည်းများကို ဂျစ်ကား၊ ဒိုင်နာကားများ၊ ထွန်းစက်များဖြင့်လည်း သယ်ယူပို့ဆောင်ခဲ့ကြရသည်။ တောင်ယာစိုက်ပျိုးရာတွင် အခါအားလျော်စွာ လက်နက်ကိုင်ပေါင်းစုံ၏ လာရောက်ဖျက်စီးခြင်းခံရသည့်အတွက် စီးပွားရေးလုပ်ငန်း ပိုမိုတိုးတက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ရရှိလာသည့် ရွှေ၊ ငွေ၊ ရတနာများကိုလည်း လယ်ယာထဲတွင် လည်းကောင်း၊ နေအိမ်အောက်ဖက်ကျင်းတူး၍လည်းကောင်း သိမ်းဆည်းခဲ့ကြရသည်။ အချို့ရွာများသည် စစ်ဘေးရှောင်ရင်း တောင်ပေါ်ဒေသဖြစ်သောကြောင့် ကျွဲ၊ နွားအသုံးပြုမှုထက် ယခုတိုင်လူအင်အားဖြစ်သာ လုပ်ဆောင်နေကြရသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်ရင်းနှီးငွေများကို ပွဲစားများထံအတိုးငွေဖြင့် ချေးယူရသောကြောင့် ကြွေးမှီများမဆပ်နိုင်တော့သည့်အခါ အိမ်၊ ခြံ၊ လယ်များကို ပွဲစားလက်ထဲအပ်ရသည်များလည်း ရှိခဲ့သည်။
ယခင်ကမိမိတို့ပအိုဝ်းကျေးရွာအများစုသည် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံဖြင့် ကြုံခဲ့ကြရပြီး ပေါ်တာထမ်းရင်း အကြောက်တရားများဖြင့် အသက်ဆက်ခဲ့ကြရသည်။ ရွာသားများကိုယ်တိုင်လည်း လက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ ကင်းစောင့်သတင်းပေးခြင်းများ ပြုလုပ်ခဲ့ရသည်။ ၎င်းရွာအတွင်းတွင် အဖွဲ့တစ်ဖွဲ့ဝင်လာပါက အစိုးရတပ်မတော်ကို အကြောင်းကြားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ကျေးရွာသူကြီးကိုဖမ်းဆီးခြင်းများရှိခဲ့သည်။ ထို့ကြောင့်ကျေးရွာအများစုတွင် မည်သူမျှကျေးရွာသူကြီးမလုပ်ရဲကြပေ။ အချို့ ကျေးရွာများတွင် တစ်ရက်တစ်ယောက်နှုန်းဖြင့် ကျေးရွာသူကြီးတာဝန်ကိုထမ်းဆောင်ကြရသည်။ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရွာထဲသို့ ဝင်ရောက်လာသည့်အခါ ၎င်းအဖွဲ့ကိုကူညီပါက အခြားအဖွဲ့၏ရိုက်နက်ခြင်းကို ခံရပြန်သည်။ စစ်တပ်ဝင်လာတိုင်း ထွက်ပြေးရန်အဆင်သင့်ဖြစ်ဖို့အတွက် အိမ်ပေါက်ဝတွင် ဆန်တစ်ပြည်စောင်တစ်ထည် အမြဲတမ်းချိတ်ဆွဲထားကြရသည်။ မိမိတို့ရှာဖွေစုဆောင်းထားသည့် ငွေကြေးပစ္စည်းများကိုလည်း မိမိတို့၏လယ်ယာထဲတွင်သာ သိမ်းဆည်းကြရပြီး အချို့လည်းအိမ်အောက်တွင်ကျင်းတူးကာ ဆန်၊ ဆီများကိုမြေမြုပ်ထားကြသည်။ ရွာထဲသူပုန်များ ဝင်ရောက်တောင်းရမ်း(ဓားပြတိုက်)သောအခါ တောင်းသမျှပေးခဲ့ရခြင်း၊ မပေးပါကခြိမ်းခြောက်ခံရခြင်း ထို့ကြောင့်ရွာသားအချို့သည် ရွာထဲမနေရဲကြတော့ပဲ တောထဲတွင်သာ ဘဝကိုခက်ခဲစွာ ဖြတ်သန်းခဲ့ကြရသည်။ ပေါ်တာထမ်းရင်း ပြန်မရောက်နိုင်သည့်ရွာသားများလည်း ရှိခဲ့ကြသည်။ ပေါ်တာဆွဲခေါ်ခံရသောအခါ ရက်အကန့်အသတ်မရှိသော်လည်း အများဆုံး(၁)လခန့်ကြာတတ်ပြီး အချို့မှာမိမိဘဝလုံခြုံမှုရရှိရေးအတွက် မြို့ပေါ်သို့ပြောင်းရွေ့သူများလည်းရှိခဲ့ကြသည်။
ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးများငြိမ်းချမ်းရေးမယူခင်ကာလတွင် ကြုံတွေ့ခံစားဖိနှိပ်ခံခဲ့ရသည့် အခြေအနေများကို မျိုးဆက်သစ်လူငယ်များ ပြန်လည်အောက်မေ့နိုင်စေရန်၊ ယခုရရှိနေသော ငြိမ်းချမ်းရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းတတ်စေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို ယခုလူငယ်များ မြတ်နိုးတန်ဖိုးထားစေရန်အလို့ငှာ ဤဆောင်းပါးဖြင့် ရေးသားတင်ပြလိုက်ရပါသည်။
မျင်,မိုရ်;ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS