Wednesday, September 27, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဌာနပေါင်း (၁၁)ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်







တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဌာနပေါင်း (၁၁)ခု ဖွဲ့စည်းလုပ်ဆောင်လျက်ရှိကြောင်းကို ၂၀၁၇ - ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံးဟီး(စံဖူး)ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခမ်း၊ နယ်၊ အွိုင်း မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူလူထု တွေ့ဆုံပွဲတွင် ဗဟိုဌာနချုပ်ရုံး၊ သုတေသနနှင့် နည်းဗျူဟာရေးဆွဲရေးဌာန၊ ဌာနမှူးခွန်ချစ်တင်က ပြောကြားခဲ့ကြောင်းသိရသည်။

ဗဟိုဌာနချုပ်ရုံးတွင် စီမံဌာန၊ လွတ်တော်ရေးရာဌာန၊ ပြန်ကြားရေးဌာန၊ သုတေသနနှင့်နည်းဗျူဟာရေးဆွဲရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ စည်းရုံးရေးဌာန၊ လေ့ကျင့်ပညာပေးရေးဌာန၊ ၀က်ဆိုဒ်ဌာန၊ ဘဏ္ဍာဌာန၊ ဥပဒေရေးရာဌာန ဌာနပေါင်း (၁၁)ခုရှိသည့်အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရှင်သန်နေစေရန်အတွက် ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ပအိုဝ်းလူငယ်ကွန်ယက်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (GIC)ဌာနများလည်း ဗဟိုဌာနချုပ်ရုံးတွင် တည်ရှိကြောင်း သိရှိရသည်။ ၂၀၁၄-ခုနှစ်မှစ၍ နိုင်ငံရေးဌာနများကို စတင်ဖွဲ့စည်းပြီး ၂၀၁၅-ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေးဌာန၊ ၀က်ဆိုဒ်ဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ စည်းရုံးရေးဌာနများကို တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတကာဆက်ဆံရေးဌာန၊ ဌာနမှူး ဆရာခွန်ကြည်က ပါတီနှင့်လွတ်တော်အကြောင်းအရာများနှင့် ဘွဲ့ရပအိုဝ်းလူငယ်များအနေဖြင့် အစိုးရဌာန၊ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ဖို့ လိုအပ်ကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် အရည်အချင်းများ သင်ယူလေ့ကျင့်ထားဖို့ လိုအပ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖေါ်လျက်ရှိသည့် ၂၁ရာစု-ပင်လုံ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် တာဝန်ရှိသူများအနေဖြင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကို ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် သူရိယခမ်း၊ ခမ်းဗွေး-ဒုတိယဗိုလ်မှူးကြီး ခွန်ချစ်အိမ်က ပညာရေးနှင့် ညီညွတ်ရေးဆိုင်ရာ အမှာစကားများ၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ ခွန်အိုးဗျူဟာ၊ လက်ထောက်ဗျူဟာမှူးဖြစ်သည့် ဗိုလ်မှူးခွန်မြအောင်က အမျိုးဘာသာသာသနာနှင့် စည်းကမ်းပိုင်းဆိုင်ရာ သက်ဆိုင်သည့်အမှာစကားများကို ပြောကြားခဲ့ပြီး လွယ်မော်တန်ဒေသ၊ ဥက္ကဋ္ဌ ဖြားအောင်သုခက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ထိုတွေ့ဆုံပွဲသို့ အွိုင်းလုံးဟီး၊ အွိုင်းမဲုင်းကောင်၊ အွိုင်းဒုံကောင်မှ (၂၉)ရွာရှိ ဒေသခံပြည်သူ (၅၄၄)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်ဓဇ
Powered by Blogger.