Sunday, September 24, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နောင်ကားမှီးကျေးရွာလူငယ်များ ရင်းရင်းနှီးနှီး တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ကားမှီး ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ (၂၄)ရက် ညပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် နောင်ကားမှီးကျေးရွာလူငယ်များ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံရာတွင် ကျေးရွာရှိမျိုးဆက်သစ်လူငယ်များ စည်းလုံးညီညွှတ်မှုရှိစေရန်၊ လူငယ်များ အချင်းချင်းရင်းနှီးမှုရှိစေရန်၊ ရပ်ရွာအတွင်းရှိ လူငယ်များလူအများရှေ့တွင် စကားပြောစွမ်းရည်မြှင့်မားလာစေရန်၊ မျိုးချစ်စိတ်များထက်သန်ပြီး အမျိုးသားရေးတာဝန်များထမ်းဆောင်ချင်စိတ် ပိုမိုမြှင့်မားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့်တွေ့ဆုံခဲ့ပါသည်။

ထို့နောက် ပင်လောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင် က နောင်ကားမှီးလူငယ်များအတွက် သိသင့်သိထိုက်သည့် ပညာရေး၊ လှုမှုရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ္ဋ်က နောင်ကားမှီးလူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေး စသည့်အကြောင်းအရာများကို လူငယ်များသိရှိနိုင်စေရန် အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘွဲ့ရပညာတတ်လူငယ်များသည် ဆိုင်ရာအစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတတ်ကျွမ်းထားသည့် ပညာများကို မိမိတို့ရပ်ရွာဒေသမိဘပြည်သူများအတွက် အကျိုးရှိစေရန် လူငယ်တွေ့ဆုံပွဲကို မကြာခဏ တွေ့ဆုံပွဲလုပ်ရန်လိုအပ်ကြောင်း၊ ယခုလို တွေ့ဆုံပွဲများများလုပ်မှသာလျှင် ကျေးရွာရှိ လူငယ်များသည်လည်း အသိအမြင်ကြွယ်ဝလာပြီး စည်းလုံးညီညွှတ်မှုရှိလာမည်ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း အသိအမြင်ချင်းဖလှယ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ လွှတ်တော်ရေးရာဌာန ဌာနမှူး ခွန်အောင်နိုင်က လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်အကျဉ်းချုပ်ကိုလည်းကောင်း၊ လူငယ်များအား ဘွဲ့ရခြင်းနှင့် ဘွဲ့မရခြင်း၏အကျိုးဆက်ကြောင့် လုပ်ငန်းခွင်ဝင်ရာတွင် ကြုံတွေ့ဖြစ်ပေါ်သည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း နှိုင်းယှဉ်ပြပြီး အားပေးစကားများ ပြောဆိုခဲ့ခြင်းလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပြန်ကြားရေးဌာန နန်းမိုးမိုးခိုင်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက် အကျဉ်းချုပ်ကိုလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နောင်တရားမြို့နယ်၊ မြို့နယ်ရုံး တာဝန်ခံ နန်းတင်တင်ဦးသည်လည်း မြို့နယ်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက် အကျဉ်းချုပ်ကို လည်းကောင်း ကဏ္ဍအသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို အထူးဒေသ (၆) စန္တာခမ်း မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားးအဖွဲ့ချုပ် (PNO) တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ နောင်ကားမှီးကျေးရွာမှ ဒေသခံရပ်မိရပ်ဖများ၊ နောင်ကားမှီးကျေးရွာလူငယ်များ (၁၀၀) ကျောက်တက်ကြောင်းသိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.