Wednesday, October 18, 2017

“လူ” ဟု ဆိုရာဝယ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်


လူသားဟူသမျှတို့သည် လူကမွေးဖွားလာသဖြင့် လူ ဟုခေါ်ဆိုကြပါသော်လည်း အချို့သော လူတို့သည် လူ့ယဉ်ကျေးမှုမရှိ၊ လူ့ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံခြင်းမရှိကြပေ။ ထိုသူတို့သည် လူနှင့်မတူသောသူ များဖြစ်ကြသည်။ လူဖြစ်ပါလျက်နှင့် လူနှင့်မတူသည့်သူသည် ဆင်းရဲဒုက္ခရောက်ရတတ်သည်။ လူနှင့်တူ သောသူသည်သာ ချမ်းသာသုခနှင့်ပြည့်စုံရတတ်သည်။ ထို့ကြောင့် ချမ်းသာသုခနှင့် ပြည့်စုံလိုသူတို့သည် လူနှင့်တူအောင် ကျင့်သုံးနေထိုင်ကြရမည်ဖြစ်သည်။

လူတွင် ကြွေးဟောင်းချေခြင်း၊ ကြွေးသစ်ပေးခြင်းနှင့် ရွှေအိုးမြှုပ်နှံခြင်းဟူ၍ တာဝန်(၃)ရပ်(သို့) အလုပ်(၃)မျိုး ရှိကြပါသည်။ တာဝန်(၃)ရပ်(သို့)အလုပ်(၃)မျိုးတို့ကို ကျေပွန်အောင် ဆောင်ရွက်နိုင်သူသည် လူပီသသူ(လူအမြတ်စား)ဖြစ်ပြီး၊ တာဝန်မကျေသည့်သူသည် လူမပီသသူ(လူအညံ့စား)ဖြစ်သည်။

ကြွေးဟောင်းချေခြင်း ဆိုသည်မှာ မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား ပြုစုလုပ်ကျွေးခြင်းကို ဆိုလိုပါသည်။ မိခင်၊ ဖခင်တို့သည် သားသမီးများအား မွေးဖွားခဲ့ကြသည်။ ကြီးထွားအောင် ပြုစုစောင့်ရှောက်ခဲ့ကြသည်။ လူ့လောကကြီးနှင့် ဆက်သွယ်ပေးခဲ့ကြသည်။ နို့ချိုတိုက်ကျွေးကာ မွေးမြူခဲ့ကြသည်။ အစားအစာကျွေးမွေးကာ စောင့်ရှောက်ခဲ့ကြသည်။ ပညာသင်ချိန် အရွယ်ရောက်သောအခါ အတတ်ပညာများကို သင်ကြားစေခဲ့ကြသည်။ လူဘဝအလယ်တွင် လူချင်းတူပါသော်လည်း အဆင့်မီမီ လူပီပီသသ နေထိုင်နိုင်စေရန် စီးပွားဥစ္စာများ ထူထောင်ပေးခဲ့ကြသည်။ ဘာသာရေးအဆုံးအမဖြင့်လည်း လိမ္မာယဉ်ကျေးစေခဲ့ပါသည်။ ထိုသော် မိဘတို့၏ကျေးဇူးကား ကြီးမားလှပါသည်။ မိခင်၊ ဖခင်တို့အား ပခုံးနှစ်ဘက်ပေါ်ထမ်း၍ ရာသက်ပန် အစာရေစာပေးလျက် ကျွေးမွေးစောင့်ရှောက်သော်လည်း မိဘတို့၏ ကျေးဇူးကို ကျေအောင်၊ ကုန်စင်အောင် ဆပ်နိုင်မည်မဟုတ်ပေ။ မိဘတို့သည် သားသမီးတို့၏ အကြွေးရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် မိခင်ဖခင် ကျေးဇူးရှင်တို့အား ပြုစုလုပ်ကျွေးခြင်းသည် အကြွေးဟောင်းကို ချေရာ၊ ဆပ်ရာရောက်သည်။

စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံလိုကြသောသူတို့သည် မိဘတို့၏ ဖေးမမှုဖြင့် စည်းစိမ်ဥစ္စာ၊ ရတနာတို့ ရရှိလာကြပါသော်လည်း မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား လုပ်ကျွေး၊ ပြုစု၊ စောင့်ရှောက်မှုမပြုကြသည့် သူများရှိသည်။ ထိုသူတို့သည် စီးပွားဥစ္စာချမ်းသာခြင်းမှ ဆင်းရဲဒုက္ခရောက်ရတတ်သည်၊ စီးပွားရေးပျက်တတ်သည်ဟု ဆိုသည်။

မိဘများ အသက်အရွယ်ကြီးရင့်လာသောအခါ အထီးကျန်သည်ဟု ခံစားကြရတတ်သည်။ စီးပွားရေးနှင့် အိမ်မှုလုပ်ငန်းတို့ကို လုပ်ဆောင်နိုင်စွမ်းမရှိကြသောအခါ အိမ်စောင့်၊ ကလေးထိန်းဘဝအဖြစ် ရောက်သွားကြရသည်။ မိမိတို့၏ သားသမီးများကိုလည်း ထိန်းခဲ့ကြရ၊ သားသမီးများ အိမ်ထောင်ပြုလာကြသော် မြေးများကို ထိန်းကြရပြန်သည်။ အချို့သော ချွေးမ(သို့)သားမက်တို့၏ ငြိုငြင်မှုကိုလည်း ခံကြရသည်။ ရှေးအခါက သက်ကြီးရွယ်အိုမိဘများတို့ကို ရသေ့ဝတ်ဖြင့် ဘုန်းကြီးကျောင်းသို့ သားသမီးတို့က ပို့ဆောင်ကြသည်။ ယခုအခါ သားသမီးများတို့က မိအို၊ ဖအိုတို့ကို ဘိုးဘွားရိပ်သာသို့ အပြီးအပိုင်ပို့ဆောင် စွန့်ပစ်ကြသည်ကို တွေ့မြင်နေကြရပါသည်။

အဘိုး၊ အဘွားဘဝတွင် အထီးကျန်သဖြင့် မြေးများကိုအဖ်ာလုပ်၍ ပျော်ရွှင်ချမ်းမြေ့အောင် နေကြရသည်ကို သားသမီးများအနေဖြင့် နားလည်မှုထားရှိရန်သင့်ပါသည်။ သားသမီးတို့အနေဖြင့် အရွယ်ရင့်အိုနေသော မိဘတို့၏ မိတ်ဆွေကောင်း၊ အဖော်ကောင်းများအဖြစ် အားပေးကူညီစောင့်ရှောက် ရန်လိုအပ်သည်။ အိမ်မှုကိစ္စအဝဝတို့ကို လုပ်ဆောင်နိုင်စွမ်းမရှိတော့သည့် မိအို၊ ဖအိုတို့၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရပါမည်ဖြစ်ပြီး သူတော်ကောင်းလမ်းစဉ်ကိုလိုက်၍ တရားနှင့် မွေ့ပျော် နိုင်စေရန် ပံ့ပိုးကူညီပေးကြရပါမည် ဖြစ်သည်။

မိဘတို့၏ဆန္ဒကို ဖြည့်ဆည်းပေးမှု၊ ပြုစုလုပ်ကျွေးခြင်းမပြုသည့်သူတို့သည်  ကြွေးဟောင်းချေရာ မရောက် ထိုသူတို့သည် လူနှင့်မတူသော သူ ဖြစ်သည်။

ကြွေးသစ်ပေးခြင်းဆိုသည်မှာ သားသမီးများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း ကို ဆိုလိုပါသည်။ ၎င်းသည်လည်း လူ့တာဝန်တစ်ရပ်ဖြစ်သည်။ အချို့သောမိဘရှင်တို့သည် သားသမီးများကို မွေးသာမွေးကြသည် ကျွေးမွေးစောင့်ရှောက်ခြင်းမပြု၊ လူ့တာဝန်မကျေပွန်ပဲ မိမိတို့၏ရင်သွေးငယ် တို့ကို စွန့်ပစ်ခြင်း၊ မွေးစားစေ(ရောင်းစား)ခြင်း၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ရပ်ဝေးသို့ပို့ဆောင်ခြင်းများ ပြုလုပ်ကြသည်။ မကျွေးနိုင်၊ ပြုစုစောင့်ရှောက်မှုမပြုနိုင်သည်ဆိုလျှင် အဘယ်ကြောင့် မွေးနေကြပါသနည်း။ သားသမီးတို့သည် ရတနာပင်ဖြစ်သည်။ မိမိတို့၏ သွေးသားအရင်းကို ရင်သွေးအဖြစ် မချစ်မနှစ်သက်နိုင်သော၊ ပြုစုစောင့်ရှောက်မှုမစွမ်းဆောင်နိုင်သော သူများသည် “လူနှင့်မတူသော သူ” ဖြစ်သည်။

ရွှေအိုးမြုပ်ခြင်းဆိုသည်မှာ မိဘ၊ သားသမီးများ၊ သွေးရင်းသားရင်းများအပါအဝင် အခြားသူတို့အား ပေးကမ်းထောက်ပံ့ခြင်း၊ ရဟန်းသံဃာတို့အား လှူဒါန်းခြင်းများကို ဆိုလိုပါသည်။ အချုပ်အားဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်သည်ကို “ရွှေအိုးမြုပ်”သည်ဟု ဆိုလိုပါသည်။

အချို့သောသူများသည် ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာပြည့်စုံစွာ ချမ်းသာပါသော်လည်း မစားရက်၊ မသုံးရက်၊ အလှူအတန်းကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် မလှူရက်၊ မတန်းရက်ကြပေ။ ငါမှငါ တစ်ကိုယ်ကောင်းဆန်သည့်သူ ထိုသူတို့သည်လည်း “လူနှင့်မတူသော သူ” ဖြစ်သည်။

သို့ဆိုလျှင် လူနှင့်တူသော “လူ” ဟူသည် မိခင်၊ ဖခင် ကျေးဇူးရှင်တို့ကို ကျေးဇူးသိတတ်သောသူ၊ ကံနှင့် ကံ၏အကျိုးကိုယုံကြည်ကာ မကောင်းမှုတို့ကို ရှက်ကြောက်သောသူ၊ သတ္တဝါအားလုံးတို့အပေါ် သနားကြင်နာတတ်ပြီး အကုသိုလ်တို့ကို ရှောင်ကျဉ်သောသူ၊ အကြောင်းအကျိုး အကောင်းအဆိုးတို့ကို ဝေဖန်ပိုင်ခြားတတ်သောသူနှင့် ကြွေးဟောင်းချေ၊ ကြွေးသစ်ပေး၊ ရွှေအိုးမြုပ် ဟူသည့် တာဝန်(၃)ရပ်(သို့) အလုပ်(၃)မျိုးတို့ကို ကျေပွန်သောစွာ ဆောင်ရွက်သောသူ တို့ကို “လူနှင့်တူသော သူ” ပင်ဖြစ်သည်။

ထို့ကြောင့် လူမှမွေးဖွားလာသော လူ အားလုံးတို့သည် လူနှင့်တူသော လူ လော?၊ လူနှင့်မတူသော လူ လော? လူသားတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ် ကျင့်ကြံနေထိုင်နိုင်ကြပါစေကြောင်း အရှင်အဂ္ဂသာရ (တက္ကသီလာ)ရေးသားမှုမှ အချက်အလက်များကို ကိုးကား၍ ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ကတောင်လေ(ခမ်းစန္တားဟေ့.)
Powered by Blogger.