Tuesday, October 24, 2017

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) အသိပေးရှင်းလင်းပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်


၂၀၁၇ခုနှစ်၊ အောက်တိုဘာလ၊ (၂၅)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁) တွင် နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ကာကွယ်ဆေး (၁၀)မျိုးကို အသုံးပြုပြီး အသက်(၅) နှစ်အောက်ကလေးများ ကူးစက်ရောဂါများ ဖြစ်ပွားသေဆုံးမှုမရှိရအောင် ကာကွယ်ပေးဖို့ ဆောင်ရွက်လက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာ အဖြစ်များသည့်အပြင် ရောဂါဖြစ်လာရင် လည်း ကုသဖို့ခက်ခဲခြင်း၊ သေဆုံးမှုနှုန်းများခြင်းနှင့် ပြင်းထန်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ပြင်းထန်စွာ ဖြစ်ပွားတတ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးဖို့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ၂၀၁၈-ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ၁၁ခုမြောက် ကာကွယ်ဆေး အနေဖြင့် ထည့်သွင်းထိုးနှံသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂-မှ ၂၀၁၇ ၊ ဇွန်လထိ ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၃၉၄၀)ဦးအနက် ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့ရှိသူမှာ (၇၄၅)ဦးရှိပြီး (၁၉)ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း သိရသည်။ အဓိကအားဖြင့် အသက်(၁)နှစ်မှ (၁၄)နှစ်အတွင်း အဖြစ်များကာ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားပြီး ကျန်ရှိသည့် ကလေးသူငယ်အချို့မှာ ရောဂါနောက်ဆက်တွဲဆိုးကျိုးများအဖြစ် မသန်စွမ်းခြင်း၊ လူစဉ်မမှီခြင်းများ ဖြစ်လာကြောင်း သိရသည်။ ကျောင်းအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်ကို (၂၀၁၇) နိုဝင်ဘာ(၁၅)ရက်မှ (၂၃)ရက်အတွင်း၊ ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို (၂၀၁၇) ဒီဇင်ဘာ(၁၁)မှ (၂၀)ရက်အတွင်း ပြုလုပ်သွားမည်ဟု သိရသည်။

ခွန်ယံသေ

Powered by Blogger.