Wednesday, November 8, 2017

လူငယ်နှင့်ယဉ်ကျေးမှု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်


ယဉ်ကျေးမှု၏ အဓိပ္ပာယ်သည် လူသားများကို သက်သာမှု၊ ချောင်လည်မှု၊ အချင်းချင်းနားလည်မှု နှင့် စိတ်ချမ်းသာကိုယ်ချမ်းသာမှုအတွက် လူသားများကိုယ်တိုင် ဖန်တီးထားသောအရာများကို ခေါ်ဝေါ်ခြင်း ပင်ဖြစ်သည်။ စကား၊ စာပေ၊ ဆင်ယင်ထုံးဖွဲ့မှု၊ ဘာသာရေးကိုးကွယ်ယုံကြည်မှု၊ ဂီတအနုပညာနှင့် ဓလေ့ထုံးစံများသည် လူသားများ ဖန်တီးသောအရာများဖြစ်သဖြင့် ယဉ်ကျေးမှုတွင် အကြုံးဝင်ပါသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည်ဟု ဂုဏ်ယူလျက်ရှိကြသော တိုင်းပြည်၊ နိုင်ငံ၊ လူမျိုးဟူသမျှသည် ရှေးနှစ်ပေါင်းများစွာက မိမိတို့ ဘိုးဘေးဘီဘင်တို့ ချန်ထားခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေသမိုင်းတို့ ဖြင့် ဖေါ်ပြလျက်ရှိနေကြသည်။

ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအသိကို လူမျိုးတိုင်းက ခံယူနားလည်ထားကြရမည်။ လူမျိုးတိုင်း မိမိယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ တိုးတက်စေရန် ကြိုးပမ်းခြင်းများ ပြုလုပ်လျက်ရှိနေကြသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ ဘဝတည်ဆောက်ပြုပြင်ပုံ၊ ဘဝပုံစံပင်ဖြစ်သည်။ လူတို့၏ အသိဥာဏ်ဗဟုသုတလုပ်ကိုင်ဆောင်ရွက် နည်းများအပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ တွေးခေါ်ကြံဆဖန်တီးချက်များ အဆင့်ဆင့်သို့ သိုမှီးစုဆောင်းထားခြင်းပင်ဖြစ်သည်။ မြန်မာတိုင်းရင်းသားများသည် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓစာပေများကြောင့် ယဉ်ကျေးမှု ပိုမိုတိုးတက်မြှင့်မားလာခဲ့သည်။ ယဉ်ကျေးမှုတွင် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဟူ၍ ရှိသည်။ ရုပ်ပိုင်းတွင် ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းကိရိယာတန်ဆာပလာများနှင့် အဆောက်အဦးများ ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွင် အမူအရာယဉ်ကျေးမှု၊ အပြောအဆိုယဉ်ကျေးမှု၊ စိတ်နေစိတ်ထား ယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှုများ ဖြစ်သည်။

မြန်မာလူမျိုးတို့သည် ဗုဒ္ဒဘာသာ ယဉ်ကျေးမှုအဆုံးအမဖြင့် ကြီးပြင်းကြရသူများဖြစ်ရာ ကိုယ်၊ နှုတ်၊ စိတ်မကြမ်းတမ်း၊ မရိုင်းစိုင်းသူကိုမှ ယဉ်ကျေးသူဟု သတ်မှတ်ကြသည်။ ကိုယ်အမူအရာ၏ ရိုင်းစိုင်းမှု၊ နှုတ်အမူအရာ၏ ရိုင်းစိုင်းမှု၊ စိတ်ထားရိုင်းစိုင်းမှု မရှိသူကိုမှ မရိုင်းစိုင်းသူ၊ ယဉ်ကျေးဖွယ်ရာရှိသူဟူ၍ သတ်မှတ်တတ်ကြရာ ရှေးအခါက ဘုန်းတော်ကြီးကျောင်းများတွင် ငယ်စဉ်ကပင် ဆုံးမပဲ့ပြင်ပေးခဲ့ကြသည်။ မြန်မာတို့၏ အစဉ်အလာယဉ်ကျေးမှုတွင် ကလေးသူငယ်များကို ငယ်စဉ်ကပင် ကိုယ်၊ နှုတ်၊ စိတ်ထား အမူအရာတို့ ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမထားတတ်သည်။

ယနေ့ခေတ်လူငယ်များ စကားပြောရာ၌ ကျယ်ကျယ်လောင်လောင်ပြောတတ်ခြင်း၊ ရုန်းရင်းကြမ်း တမ်းသော စကားလုံးများကို ပြောဆိုခြင်း၊ စိတ်မြန်ခြင်း၊ သည်းခံမှုနည်းခြင်း၊ နှုတ်လှံထိုးခြင်း စသည်တို့သည်  လူကြီးမိဘတို့အား နှုတ်အမူအရာ၏ ရိုင်းစိုင်းမှုပင် ဖြစ်သည်။ လူငယ်တို့၏ အချို့သော ကိုယ်နှုတ်အမူအရာများသည် ရှေးရိုးစွဲလူကြီးများ၏ မျက်စိထဲ၌သာ မယဉ်ကျေးသလိုရှိသော်လည်း သူတို့အဖို့ကား ရိုင်းစိုင်းသော စိတ်သဘောထားဖြင့် ပြုမူကြခြင်း မဟုတ်ကြပေ။ ရှေးရိုးဆန်သော လူကြီးအများစုက ယနေ့လူငယ်များကို ယဉ်ကျေးမှု နည်းလာသည်ဟု မြင်တတ်ကြသည်။ ၎င်းတို့အမြင်၌ ယဉ်ကျေးမှုနည်းလာသည်ဆိုသည်မှာ သိမ်မွေ့သောအမူအရာမျိုး နည်းလာသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ယဉ်ကျေးမှုကိုယ်စီရှိကြ၏။ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ်၊ ရေမြေ သဘာဝ၊ ကိုးကွယ်သည့်ဘာသာ၊ ဓလေ့ထုံးစံတို့ကိုလိုက်၍ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယဉ်ကျေးမှုခြင်း မတူကြပေ။ တချို့တူညီသည့် အစိတ်အပိုင်းများလည်း မရှိမဟုတ်၊ အနည်းငယ်တော့ရှိကြသည်။ ထိုသို့သော ရိုးရာယဉ်ကျေးမှု ဓလေ့များရှိကြသလိုပင် ရိုးရာယဉ်ကျေးမှု အနုပညာများလည်း ရှိကြပေသည်။ စာပေ၊ ဂီတစသော အမျိုးသားယဉ်ကျေးမှုများကိုလည်း လူငယ်များက အလေးထားတတ်ရပေမည်။ စာပေဟူရာတွင် အရေး၊ အပြောဘာသာစကား ပါဝင်ကြောင်း နားလည်းစေလိုပါသည်။ ကိုယ့်ဘာသာ စကားကို ရေးထုံးအမှန်၊ ပြောထုံးအမှန်အတိုင်းဖြစ်အောင် ကြိုးစားကြရပါမည်။

လူငယ်များသည် ယဉ်ကျေးမှုကို ထိန်းသိမ်းရမည့်တာဝန်ရှိကြရာ၌ သက်ဆိုင်ရာမိမိတို့ ဘာသာစကားမှန်ကန်စွာ ပြောတတ်ဖို့၊ မှန်ကန်စွာ သုံးနှုန်းတတ်ဖို့လည်းလိုအပ်သလို ဂီတဘက်တွင်လည်း ယခင်ကရှိပြီး မူရင်းအတိုင်း ထိန်းသိမ်းနိုင်ကြဖို့လည်း လိုအပ်ပေသည်။

ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရန်မှာ တိုင်းပြည်နှင့် လူမျိုးအပေါ် တာဝန်ယူထားသော အစိုးရ အဖွဲ့၌တာဝန်ရှိသလို နိုင်ငံသားတိုင်း၊ ပြည်သူတိုင်းတွင်လည်း တာဝန်ရှိပါသည်။ တိုင်းရင်းသား လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့ကို ဂရုစိုက်ကြသည်။ အရေးကြီးသည်မှာ အမျိုးသားရေးယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်မှ လူမျိုးကို စောင့်ရှောက်နိုင်ပေမည်။ လူငယ်များလည် ယဉ်ကျေးမှု၏ တန်ဖိုးကို နားလည်ဖို့လိုသည်။ လူငယ်များအတွက် အမျိုးသားယဉ်ကျေးမှုထိန်းသိမ်း ကာကွယ်ရေးမှာ သမိုင်းပေးတာဝန်တစ်ရပ်ဟု မှတ်ယူထားရပေလိမ့်မည်။

ထို့ကြောင့် လူငယ်များသည် ယဉ်ကျေးသိမ်မွေ့သော သူများဖြစ်အောင်လည်း ကြိုးစားကြရပေမည်။ အစဉ်အလာ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း ထိန်းသိမ်းနိုင်ကြရပေမည်။ ယဉ်ကျေးမှုသည် လူမျိုး၏ အသက်ဖြစ်ပေရာ အနာဂတ်ကို ပိုင်ဆိုင်ကြသည့် လူငယ်များအနေဖြင့် ယဉ်ကျေးမှု၏ တန်ဖိုးကို နားလည်ကြရပါပေမည်။

မွိုးပိုမူ   - စန္တာခမ်း (ပင်လောင်း)
ကိုးကားချက်   - လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ ပအိုဝ်းအမျိုးသား၏ဂုဏ်အင်္ဂါရပ်များ
Powered by Blogger.