Wednesday, November 8, 2017

တောင်ကြီးတက္ကသိုလ် အဝေးသင် (UDE) ပအိုဝ်းကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နုတ်ဆက်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်










တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် အဝေးသင် (UDE) ပအိုဝ်းကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နုတ်ဆက်ပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နုတ်ဆက်ပွဲကျင်းပရခြင်းသည် တိုင်းရင်းသားမောင်မယ်များအချင်းချင်း စည်းလုံးညီညွှတ်ပြီး ချစ်ကြည်ရင်းနှီးစေရန်နှင့် အမျိုးသားရေးတာဝန်များ လုပ်ဆောင်နိုင်ရန်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးလေးနက်နက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူငယ်မောင်မယ်များ ကိုယ်ကျင့်တရား စာရိတ္တများနှင့်အရည်အသွေးပြည့်ဝပြီး ဦးစီးဦးဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်၊ ရပ်ရွာဒေသ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပညာတတ်လူငယ်များ ပေါ်ပေါက်စေရန်နှင့် ရဲရဲဝံ့ဝံ့ကြိုးပမ်းလုပ်ဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ အမှာစကားပြောကြားရာတွင် ပညာတတ်လူငယ်မောင်မယ်များသည် မျက်မှောက်အမျိုးသားရေးဖြစ်တည်မှု အခြေအနေများကိုလည်းကောင်း၊ နောင်အနာဂတ်အမျိုးသာရေးအခြေအနေဖြစ်တည်မှုများကိုလည်းကောင်း၊ ပအိုဝ်းလူမျိုးများ၏ အနာဂတ်ရည်ရွယ်ချက်/ရည်မှန်းချက်များကိုလည်းကောင်း အမျိုးသားရေးအတွက် ပခုံးပြောင်းတာဝန်ယူရသည်မှာ လူငယ်မောင်မယ်များအပေါ်တာဝန်ကျရောက်နေပြီဖြစ်သောကြောင့် ယခုကတည်းကပင် ကြိုတင်ပြင်ဆင်စဉ်းစားထားမှသာလျှင် နောင်အနာဂတ်အမျိုးသားရေးအတွက် ဦးဆောင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တောင်ကြီးတက္ကသိုလ် ဆရာခွန်စောဏထွန်းမှ ပညာတတ်လူငယ်မောင်မယ်များသည် ပညာသင်ယူချိန်တွင် တစ်စုတစ်စည်းတည်းနေပြီး စည်းလုံးညီညွှတ်မှုကို အလေးထားကြရန်၊ ဆရာ/မ များကိုလည်း အဆက်အသွယ်မပြတ်ရန်၊ ပညာတတ်လူငယ်များသည် ဘွဲ့ရသော်လည်း ပြင်ပလောကတွင် ပညာဖြင့်ပြန်လည်အသုံးချရန်၊ ဘွဲ့ရလူငယ်များသည် သက်ဆိုင်ရာအစိုးရဌာန ၀န်ထမ်းများကိုသော်လည်းကောင်း၊ အမျိုးသားရေးလုပ်ငန်းများကိုသော်လည်းကောင်း တာဝန်ထမ်းဆောင်ကြပါရန် လိုအပ်ကြောင်း၊ ရပ်ရွာဒေသအကျိုးများကိုလည်းတတ်နိုင်သည့်အဘက်ဘက်မှ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ခွန်အောင်ဇေယျ မှ ပွဲကျင်းပရခြင်းအကြောင်းအရာများကို လည်းကောင်း၊ ပထမနှစ်ကျောင်းသား ခွန်ရက်ခမ်းမှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။

ထို့နောက် ပအိုဝ်းတိုင်းရင်းသားရိုးယာအကများဖြင့် ကပြ၊ ဖျော်ဖြေ၊ သီဆို ပေးကြပြီး King and Queen များကိုလည်းရွေးချုယ်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဖြားခွန်ဝင်းကို နှင့်အဖွဲ့များ၊ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင် ဖြားခွန်တင်ထွဋ္ဋ် နှင့် အဖွဲ့များ၊ ပအိုဝ်းအမျိုးသမီး (PWO)အဖွဲ့များ၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းသား/သူများ (၅၀၀) ခန့်တက်ရောက်ကြောင်းသိရှိရပါသည်။

မျင်းမိုရ်းခွန်
Powered by Blogger.