Thursday, November 23, 2017

ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ နောင်တရားဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက် ကွင်းဆင်းကြည့်ရှု


တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒေသလိုအပ်ချက်များတင်ပြနိုင်ရန် ရည်ရွယ်၍ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ ပင်လောင်းမြို့နယ်တွင် ဌာနဆိုင်ရာတွေ့ဆုံပွဲများ ကျင်းပပြီး ဒေသတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုရာမှ ဒီကနေ့တွင် နောင်တရားဒေသရှိ ဆောင်ရွက်နေသော လုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပင်လောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စောအောင်၊ ဒေသဦးစီးရုံးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။ ဒီကနေ့ ဒေသဦးစီးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် နံနက်((၈း၀၀)နာရီအချိန်တွင် တီကျစ်မြို့၊ နဂါးဘိလပ်မြေစက်ရုံမှ (Pilot Project) ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော လွယ်မောကျေးရွာအုပ်စု၊ ကောင်ခယ်ရွာသို့ သွားရောက်ပြီး (၈း၂၀)မိနစ်တွင် ကောင်ခယ်ရွာကို ရောက်ရှိခဲ့ပါသည်။ ထို့နောက် ဧဒင်စွမ်းအင်ကုမ္ပဏီ လီမီတက်မှ တာဝန်ယူဆောင်ရွက်နေသော ကောင်ခယ်-ခွန်ဒုံ-ထီလျော မြေသားလမ်း အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌအဖွဲ့သည် ကောင်ခယ်ရွာ မူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ/မများနှင့် ကျောင်းသား/သူများကို အားပေးအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကောင်ခယ်ရွာတွင် မိဘပြည်သူများ စုဝေးပြီး တွေ့ဆုံပွဲ ပြုလုပ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိမိတို့ ကွင်းဆင်းကြည့်ရှုရခြင်းအကြောင်းအရာများ၊ မိဘပြည်သူများလိုအပ် ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများကို သော်လည်းကောင်း၊ ဒေသခံမိဘပြည်သူများကိုသော်လည်းကောင်း လိုအပ်သည်များ မှာကြားပြီး အားပေးအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (တီကျစ်)သို့ (၁၀း၄၀)မိနစ်တွင် ရောက်ရှိပြီး စက်ရုံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စက်ရုံလည်ပတ်မှု အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းများ၊ စက်ရုံစွန့်ပစ္စည်းထိန်းသိမ်းမှုလုပ်ငန်းများ၊ ဓာတ်အားထုတ် လုပ်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် Wuxi Hua Guang (Myanmar) Co.,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် ဓာတ်အားပေးစက်ရုံကို သော်လည်းကောင်း၊ စက်ရုံစွန့်ပစ္စည်းများ စွန့်ပစ်မှုများကို သော်လည်းကောင်း၊ ဧဒင်စွမ်းအင်ကုမ္ပဏီပိုင် တီကျစ်ကျောက်မီးသွေး မိုင်းကို သော်လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ညနေ (၄း၀၀)အချိန်တွင် တောင်ကြီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.