Wednesday, December 20, 2017

ထားတတ်လျှင်တန်ဖိုး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်

ယနေ့ခေတ်သစ်သည် ရှေးရိုးအစဉ်အလာအတိုင်း တွေးခေါ်ပြီးဘဝတည်ဆောက်၍ မရတော့ချေ။ ဘဝတစ်ခု၏ အရေးကြီးသော ပညာ၊ အမြေ§ာ်အမြင်၊ အတွေ့အကြုံစသော တန်ဖိုးမြင့်များကို အသိဖြင့်ပေါင်းဖက်ကာ စွမ်းအားဖြည့်ထုတ်နှုတ်သုံးစွဲကာမှ တန်ရာကျသော ခေတ်ဖြစ်ပေသည်။ တိမ်တိမ်တွေးသူ တစ်ယောက်သည် တစ်ရက်နှစ်ရက် ဘာမှမထူးခြားသော်လည်း နက်နက်တွေးခေါ်ဘဝ တည်ဆောက်သူများနှင့် “နှစ်ဆယ်ဂဏန်း’’တစ်ခုရောက်လျှင် အဝေးကြီးနောက်မှာ ကျန်ခဲ့မည်ဖြစ်သည်။
အတွေးအခေါ် အယူအဆများသည် မိမိကြုံခဲ့ရသော၊ ဖြတ်သန်းခဲ့ရသော ဘဝနှင့်ယှဉ်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားစွာဖြစ်ပေါ်လေ့ရှိကြသည်။ တစ်ဖက်စွန်းကျသူများမှတစ်ပါး လူတိုင်း၏ အသိဥာဏ်တွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်သော စွမ်းရည်ထူးရှိနေပြီဖြစ်သည်။ ရင့်ကျက်မြင့်မားသော အတွေးအခေါ် အယူအဆများကိုလည်း ကြီးသူများနှင့်ဆွေးနွေးခြင်းဖြင့် ငယ်သူတို့က အချိန်ကုန်ခံပြီး ရှာနေစရာမလို လက်ဆင့်ကမ်း၍ စုဆောင်းနိုင်သည်။ လူတိုင်း အသက်လေးဆယ်ရောက်လျှင် ထိုက်သင့်သော အသိ၊ အတွေး၊ အတွေ့အကြုံများရကြ၏။ ထိုအသက်အရွယ်ရောက်မှအသိ၊ အတွေး၊ အတွေ့အကြုံရလျှင် ထူးခြားမှုနည်းလာမည်ဖြစ်သည်။ ဆယ်နှစ်စော၍ အသိပညာဗဟုသုတ၊ အတွေ့အကြုံ ရသူတစ်ဦးသည် ဆယ်နှစ်စာရှေ့ရောက်သည်ဟု ယူဆနိုင်ပြီး စွမ်းရည်ပိုသူဟုလည်း မှတ်ချက်ပေးနိုင်မည်ဖြစ်သည်။ အချိန်တန်ဖိုး၊ အသိတန်ဖိုးများကို ပြည့်ဝစွာ ရသူတစ်ဦးဟု ချီးကျူးနိုင်မည် ဖြစ်သည်။
တန်ဖိုးရှိကြသည်ဟူသော အရာတိုင်းတွင် ပစ္စည်းများသာမက အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ်၊ အသိအမြင်၊ ဥာဏ်ပညာများလည်းပါဝင်ပါသည်။ အရာရာသည် ထားတတ်လျှင်တန်ဖိုး ဖြစ်သော်လည်း ကြည့်တတ်ဖို့လိုပေသည်။ ထို့ကြောင့် တစ်ချိန်က စာရေးဆရာတစ်ဦးက ကြည့်သောသူမြင်၏ဟု ရေးခဲ့ခြင်းဖြစ်သည်။ ကြည့်သော်လည်း မမြင်ကြသူများ အများအပြားရှိပါသည်။ မျက်စိ၏ ပသာဒအနေဖြင့်ကြည့်သူများ တန်ဖိုးအမှန်ကို သိနိုင်မည်မဟုတ်၊ မျက်လုံးမှတစ်ဆင့် အရာရာကိုစေခိုင်းသော ဦးနှောက်သို့ပို့နိုင်ပါမှ တန်ဖိုးအမှန်တို့ ရနိုင်မည်ဖြစ်သည်။
အတွေ့အကြုံသည်လည်း ထားတတ်လျှင် တန်ဖိုးကြီး၏ အတွေ့အကြုံရအောင် လက်တွေ့လုပ် ကြည့်ခြင်းသည် ကောင်းမွန်သော်လည်း ကျယ်ပြန့်များမြောင်သော အတွေ့အကြုံကို လက်တွေ့သာယူ နေရလျှင် ဘဝပေါင်းများစွာ ရင်းနှီးလျှင်ပင် ကုန်နိုင်မည်မဟုတ်။ အသက်လေးဆယ်၏ ကိုယ်တွေ့အ ဆုံးမစကားမှ ထုတ်နှုတ်မျှော်မှန်း၊ ပြင်ဆင်ခြင်းအားဖြင့် ယူတတ်လျှင် ငယ်ရွယ်စဉ်မှာပင်ရ၏။ ယူတတ်ဖို့သာလိုသည်။ ယူတတ်လျှင် တန်ဖိုးဖြစ်၏။ ကြီးသူတို့၏ အတွေ့အကြုံ အတွေးခေါ်တို့ကို သက်ကြီးစကား သက်ငယ်ဖြင့် ယူတတ်သူအတွက် အချိန်ကို မရပ်တန့်နိုင်ဟူသော စကားပုံကို ပညာရှိစွာ ပြုပြင်နိုင်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။ အချိန်ကို ရပ်တန့်နိုင်သည့်အပြင် အချိန်ကို ဆွဲဆန့်နိုင်သူများအဖြစ် စွမ်းရည်တိုးလာပါလိမ့်မည်။
အရာရာတိုင်းတွင် သူ့တန်ဖိုးရှိကြသော်လည်း ခံယူသူ၊ ဆက်ခံသူတို့အပေါ်မူတည်၍ တန်ဖိုးခြားနားသွားနိုင်ခြင်းကိုသာ ထင်ရှားစေလိုခြင်းဖြစ်ပါသည်။ တန်ဖိုးကို ထားတတ်ရန်သာလို၍ တန်ဖိုးအမှန်ကို အကဲဖြတ်ကြည့်တတ်ရန်သာလည်း လိုပေသည်။ အရာရာတိုင်းသည် သူ့တန်ဖိုးနှင့် သူရှိနေသည်ဟု မခံယူပါက မည်မျှတန်ဖိုးရှိသည့်အရာဖြစ်ပါစေ လူမိုက်လက်ငမောက်ရောက်သကဲ့သို့သာ ရှိနေမည်ဖြစ်သည်။ အရာရာတိုင်းသည် တန်ဖိုးကိုယ်စီရှိသည်မှာ မှန်ပါ၏။ ယူတတ်ထားတတ်ဖို့သာ လိုသည်ဖြစ်သည်။

မွိုးပိုမူ - စန္တာခမ်း (ပင်လောင်း)
ကိုးကားချက်- လူတော်လား၊ လူကောင်းလား  (နေဇင်လတ်)

Powered by Blogger.