Saturday, January 13, 2018

(၁၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို အောင်မြင်စွာကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်














၂၀၁၇-၂၀၁၈ ခုနှစ်၊ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ နောင်ကားကျေးရွာတွင် ကျင်းပပြုလုပ်သော (၁၈)ကြိမ်မြောက် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ကျေးရွာအုပ်စုအဆင့် ကောင်ရွေ(လွယ်ကော်)ကျေးရွာနှင့် ပန်းတင်ကျေးရွာ ယှဉ်ပြိုင်ကစားရာ ကောင်ရွေ(လွယ်ကော်)အသင်းက (၂-၁) ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးဘောလုံးပွဲစဉ်တွင် ဘန်းကွေးအသင်းက ထီရီးအသင်းကို (၄ - ၀)ဂိုးဖြင့်လည်းကောင်း၊ အလွတ်တန်းပွဲစဉ်တွင် ဆီဆိုင်အသင်းက ပင်လုံအသင်းကို (၃ - ၀)ဂိုးဖြင့်လည်းကောင်း ဗိုလ်စွဲခဲ့ကြသည်။ ဂိုးသမားအကောင်းဆုံးဆုကို စိုင်းစိန်ထွန်း ပင်လုံ၊ နောက်တန်းအကောင်းဆုံးဆုကို နေ၀င်းထွန်း ဆီဆိုင်၊ အလယ်တန်းအကောင်းဆုံးဆုကို ခွန်ကောင်းမြတ်ထူး ပင်လုံ၊ ရှေ့တန်းအကောင်းဆုံးဆုကို ချစ်ထွေး ဆီဆိုင် နှင့် ပွဲစဉ်တလျောက်အကောင်းဆုံးဆုကို စိုင်းသက်ထွေး ဆီဆိုင်တို့က ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

ဂုဏ်ပြုချီးမြှင့်ငွေသားဆု၊ ဆုဖလားများနှင့် လည်ဆွဲတံဆိပ်များကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမင်းထွန်း နှင့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ဘောလုံးပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင်နှင့် ပွဲဖြစ်မြောက်ရေးကော်မတီဝင်များက ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ည နောက်ဆုံးဗိုလ်လုပွဲညတွင် ပအိုဝ်းရိုးရာတေးဂီတဖြင့် ဖျော်ဖြေဧည့်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ထွိုက်ခမ်း

Powered by Blogger.