Thursday, January 18, 2018

မိမိကိုသာ အားကိုးပါ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၉)ရက်


လူတို့သည် လူ့လောကကြီးထဲသို့ သေဆုံးသွားသည့်တိုင် ဝမ်းစာရှာဖွေကြရင်း၊ စုဆောင်းရင်း တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် စသဖြင့် အချိန်ပြောင်းလဲသွားသည့်အလိုက် သေဆုံးသည့်ရက်သို့ခြေတစ်ဖက်လှမ်းရင်းနဲ့ပင် မိမိကိုယ်စီဘဝဖူလုံမှုများရရှိနိုင်မည့်အရေးကို စဉ်းစား ဝေဖန်လုပ်ဆောင်ကြရသည်။ ခြေလှမ်းတိုင်း၊ ဆောင်ရွက်မှုတိုင်းတွင် အထစ်ငေါ့၊ အတားအဆီး စသည်တို့ ကြုံတွေ့ဖြတ်ကျော်ရင်းနှင့်ပင် ရည်ရွယ်ချက်မတူညီမှုဖြင့် ပန်းတိုင်ကိုယ်စီ ထားရှိတတ်ကြပေသည်။

ထို့ကြောင့် မိမိရင်းနှီးသည့်ပတ်ဝန်းကျင်၏ မိသားစုအဖြစ်အပျက်ကို ဦးစားပေးတင်ပြလိုပါသည်။ ထိုမိသားစုတွင် ယခုလက်ရှိမိသားစုဝင်(၄)ဦးရှိသည်။ ၎င်းတို့မှာ မိဘနှင့် သမီးနှစ်ဦးဖြစ်သည်။ သူတို့၏ မိသားစုစတင်ဖြစ်လာပုံမှာ ဖခင်နှင့် မိခင်တို့သည် ခင်မင်သိကျွမ်းမှုမှအစ ချစ်ကျွမ်းဝင်ပြီး အိမ်ထောင်တစ်ခုကို တည်ထောင်သည့်တိုင်ရှိလာခဲ့သည်။ ထိုအချိန်ဖြတ်ကျော်ပြီးသည့်နောက် ဘဝလောကဓံကို စတင်ရင်ဆိုင်ရပါတော့သည်။

ဖခင်ဖြစ်သူသည် အိမ်ထောင်ဦးစီးဟူသော ဆိုင်းဘုတ်ကြီးကိုလည်း ရင်မှာပိုက်ကာ မိသားစုအရေးနှင့် ပတ်သက်သည့် အဆိုး/အကောင်း အမြဲဒွန်တွဲလျက်ရှိသည့် နေ့စဉ်စားဝတ်နေရေးဆိုသည့် ပထမဇုန်ထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ဖခင်သည် ပန်းရံအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြီး အိမ်တွင်ရှိသည့်ကိုယ်ဝန်ဆောင်ဇနီးသည်သည်လည်း အိမ်ပတ်ဝန်းကျင် မြေနေရာလွတ်ကလေးတွင် ကုန်စိမ်းပင်များ စိုက်ပျိုးကာ တစ်ဖက်တစ်လှမ်းဝင်ငွေရရှိခဲ့ပါသည်။

ထို့နောက် ဒုတိယဇုန်ဖြစ်သည့် သား/သမီးအရေးပင်ဖြစ်သည်။ ထိုဇုန်ထဲကို ယခုလက်ရှိလျောက်နေဆဲပင်ဖြစ်သည်။ သမီးကြီးကို စတင်မွေးဖွားလာချိန်မှစ၍ ဖခင်ဖြစ်သူသည် မိမိလက်ရှိလုပ်ကိုင်နေသည့် အလုပ်တစ်ခုတည်းသာ မိသားစုဖူလုံမှုကို မထောက်ပံ့နိုင်။ ထို့ကြောင့် ဖခင်ဖြစ်သူသည်နေအိမ်နှင့် မနီးမဝေးတွင် လှမ်းမြင်နေရသည့် ရေကန်နံဘေးတွင် လူအများစွန့်ပစ်ထားသည့် အမှိုက်သရိုက်ရှိရာကို ခြေဦးတည်ခဲ့သည်။ မိမိကိုယ်ကို စီမံသတ်မှတ်ပြီး မနက်အလုပ်မသွားမီအချိန်နှင့် ညနေအလုပ်ဆင်းပြီး ကိုယ်ပိုင်နားနေချိန်တွင် ဆာလာအိတ်ကို ပခုံးတွင်ချိတ်ရင်း လူအများမသုံးတော့သည့် ဘူးခွံများကို အမျိုးတူရာလိုက်လံစုဆောင်းသည့် အချိန်ပိုင်းအလုပ်ကို စတင်ပါတော့သည်။ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှု၊ မတူညီသည့်တုံ့ပြန်မှုများရှိသော်လည်း ဖခင်ဖြစ်သူသည် ရှက်ကြောက်ပြီးဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ ဖခင်ဖြစ်သူသည် စကားတစ်ခွန်းတည်းသာပြန်ဖြေလိုက်ပုံမှာ ဒုစရိုက်အလုပ်မဟုတ်သည့်အတွက် မိမိလုပ်ကိုင်ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူကိုသာ ရင်ဖွင့်ခဲ့သည်။

မိမိတို့မိသားစုနှင့်ဆိုင်သည့်အရေးကို မိမိတို့မိသားစုကသာ ရင်ဆိုင်ဖြေရှင်းရမည်။ လုပ်ဆောင်ရမည်ဖြစ်သည်။ အခြားမည်သည့်ပုဂ္ဂိုလ်များမှ ရင်ဆိုင်လုပ်ဆောင်ပေးမည်မဟုတ်ကြောင်းကို သိရှိနိုင်ရန်ရည်ရွယ်၍ ရေးသားရခြင်းဖြစ်သည်။ မည်သည့်အကြောင်းကိစ္စပင်ဖြစ်စေ မိဘတိုင်းသည် သား/သမီးနှင့် ပတ်သက်လာလျှင် မိဘတို့ကာယကံရှင်ကိုယ်တိုင်မည်ကဲ့သို့ ခက်ခဲပင်ပန်းပါစေ ခြေလှမ်းတိုင်းတွင် မညည်းမငြူ၊ တွန့်ဆုပ်မှုမရှိ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးတတ်ကြသည်။ ထိုအချက်များအပေါ် အခြေခံ၍ မိမိတို့လက်ရှိရောက်ရှိနေသည့်ဘဝ၏ ခြေလှမ်းတိုင်းတွင် မိမိအရေး၊ အမျိုးသားအရေးနှင့် ဘာသာသာသနာအရေးစသည့်အရေးတိုင်းကို လျောက်လှမ်းရာတွင် ရည်ရွယ်ချက်ရှိရန် လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ပအိုဝ်းမူပေ(စန္တာခမ်း)
Powered by Blogger.