Tuesday, January 16, 2018

တောင်ကြီးမြို့ မြေမြူကမ္မဌာန်းကျောင်းတိုက်တွင် ဆဋ္ဌမအကြိမ် ပအိုဝ်းဓမ္မကထိကသင်တန်း ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်



၂၀၁၈-ခုနှစ်၊ ဇန်န၀ါရီလ(၁၇)ရက်နေ့ နံနက်(၇း၀၀)အချိန် တောင်ကြီးမြို့ မြေမြူကမ္မဌာန်းကျောင်းတိုက်တွင် ဆဋ္ဌမအကြိမ် ပအိုဝ်းဓမ္မကထိကသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်မြတ်တို့က နေရာယူပြီး နင်ဝိသာခါဓမ္မစကြာအဖွဲ့မှ နတ်လူပင့်ဖိတ်ပြီး နောက် ဆရာတကာ ညီညွတ်စွာဖြင့် နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

အလှူရှင် ဒါယကာဒါယိကာများက တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး (မွဉ်ခြဲင်)ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောသိယ အထံတွင် သရဏဂုံသုံးပါးနှင့်တကွ (၈)ပါးသီလကို ခံယူဆောက်တည်ပြီးနောက် သြ၀ါဒါစရိယဆရာတော်များဖြစ်ကြသော တောင်ကြီးမြို့ အရိယ၀ံသမြို့ဦးကျောင်း ဆရာတော်၊ ပထမတောင်ကျောင်းကြီး(မွဉ်ခြဲင်) ဆရာတော်၊ တပ်ဦးဥတ္တရုံကျောင်း ဆရာတော်၊ အေးစေတီကျောင်း ဆရာတော်တို့အထံတွင် သြ၀ါဒစကား တရားတော်များကို နာယူခဲ့ကြပါသည်။

ထို့နောက် ပအိုဝ်းဓမ္မကထိကအဖွဲ့အတွင်းရေးမှူး စန္ဒာရာမအလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရအရှင်သူမြတ်က ဓမ္မကထိသင်တန်းဖွင့်လှစ်ရခြင်း၏ အကြောင်းအရာများကို မိန့်ကြားပြီးနောက် ဆရာတကာ ညီညွှတ်စွာဖြင့် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပြည်လည် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပအိုဝ်းဓမ္မကထိကသင်တန်းကို ၂၀၁၈-ခုနှစ် ဇန်န၀ါရီလ(၁၇)ရက်နေ့မှစ၍  ၂၀၁၈-ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်နေ့အထိ (၁၁)ရက်တိုင်တိုင် ပြုလုပ်ကျင်းပကာ ယခုနှစ်တွင် ဓမ္မကထိကသင်တန်း ကထိက ဆရာတော် (၂၇)ပါး၊ သင်တန်းသားသံဃာတော်(၇၅)ပါး၊ ပအိုဝ်းတရားဟော်ဆရာ(မော်)လူပုဂ္ဂိုလ် (၃၅)ဦး တက်ရောက်သင်ယူသွားမည် ဖြစ်ကြေင်းသတင်းရရှိပါသည်။

ခွန်ပန်းစိန်
Powered by Blogger.