Tuesday, January 16, 2018

“အောင်မြင်မှုခြေလှမ်းအစ စည်းကမ်းနှင့်အကျင့်သိက္ခာက’’

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၇)ရက်


လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရန်အတွက် ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်သည် အဓိကအရေးပါသောအရာပင်ဖြစ်သည်။ ပျော်ရွှင်သောသူ၊ အောင်မြင်သောသူ၊ အောင်မြင်သော အဖွဲ့အစည်းများသည် အကျင့်သိက္ခာရှိရှိနှင့် စည်းကမ်းကောင်းများဖြင့် တည်ဆောက်ထားခြင်းပင်ဖြစ်သည်။ ကောင်းမွန်သော အကျင့်သိက္ခာနှင့် စည်းကမ်းရှိမှုသည် ကျွန်ုပ်တို့၏စစ်မှန်သောတန်ဖိုး၏ ယုံကြည်ချက်များကို ပေါ်လွင်စေပါသည်။ လူ့အသိုင်းအဝိုင်းတွင် အကျင့်စရိုက်ကောင်း(သို့) ဂုဏ်သိက္ခာ အဆင့်အတန်း မြင့်မားစေရန်အတွက် လူမှုရေး၊ ဘာသာရေးစသည့် အရေးများကလည်း အဘက်ဘက်မှ အားဖြည့်ပေးထားပါသည်။ ထို့ကြောင့် မည်သူမဆို ဂုဏ်သိက္ခာမြင့်မားအောင် မိမိကိုယ်ကိုစည်းကမ်းနှင့် ထိန်းသိမ်းထားရပါမည်။ ဂုဏ်သိက္ခာဖြစ်စေသည့် ပင်ကိုအကျင့်စရိုက်သည် အရာရာတိုင်းတွင် အရေးပါ အရာရောက်လျက် ရှိနေပါသည်။ ဘဝတစ်လျှောက်လုံးတွင် ကျွန်ုပ်တို့လုပ်သည့်အရာရာတိုင်းသည် ရွေးချယ်မှုနှင့် ပတ်သက်နေပါသည်။ ကျွန်ုပ်တို့ ရွေးချယ်စရာအများကြီးထဲမှ ကျွန်ုပ်တို့နှင့် အပ်စပ်သော တန်ဖိုးတက်စေမည့် အရာကိုရွေးချယ်ပြီး တန်ဖိုးလျော့စေသည့် အရာကို ဘေးဖယ်ထားနိုင်ရပါမည်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းများသည် လူတန်းစားအလွှာအသီးသီးများထဲမှ တချို့သောသူများသည် အခြားသူများထက် ရိုသေလေးစားအထင်ကြီးခြင်းကို ခံကြရပါသည်။ လူတစ်ယောက်သည် ပင်ကိုအကျင့်စရိုက် အရည်အသွေးနှင့် စည်းကမ်းများကောင်းမွန်ပါက ဘဝတစ်သက်တာတွင် တိုးတက်မှုများနှင့် အဆုံးမရှိရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ အကျင့်စရိုက် ကောင်းမွန်သူများသည် သူတို့၏ရိုးသားမှုကို ဘယ်သောအခါမှ အထိခိုက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် မည်သည့် အခြေအနေမျိုးမဆို အစဉ်အမြဲမှန်ကန်သည်ကိုသာ လုပ်ဆောင်တတ်လေ့ရှိသည်။

ထို့ကြောင့် ကောင်းမွန်သော အရည်အသွေး၊ ကောင်းမွန်သော အကျင့်စရိုက်လက္ခဏာများနှင့် အတူ မိမိကိုယ်မိမိထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်မိမိအစိုးရနိုင်ခြင်း၊ မိမိကိုယ်မိမိကန့်သတ်နိုင်ခြင်းစသည့် အရာများကို တည်ဆောက်ခြင်းသည် မိမိစည်းကမ်းနှင့် မိမိနေခြင်းပင် ဖြစ်သည်။ မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ခြင်းသည် မိမိကိုယ်မိမိဘာလုပ်သင့်သည်၊ ဘယ်အချိန်မှာလုပ်သင့်သည်၊ မိမိကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်ရမည်ကို ခွဲခြားသိမြင်စွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။ လေးစားဖွယ်ကောင်းလှသည့် အမျိုးသား၊ အမျိုးသမီးများသည် မိမိကိုယ်ကို စည်းကမ်းသတ်မှတ်နိုင်စွမ်းရှိသူများဟု သတ်မှတ်နိုင်ပါသည်။ သူတို့မှာ မြင့်မားလှသည့် ထိန်းချုပ်နိုင်စွမ်းများရှိနေသောကြောင့် အခြေခံကျကျ နည်းစနစ်ကြီးသူ၊ ကောင်းမွန်သောအကျင့်စရိုက် အားကောင်းသူအဖြစ် သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် အကျင့်စရိုက် ကောင်းမွန်မှုနှင့် စည်းကမ်းရှိမှုသည် အောင်မြင်မှုနှင့် ဆက်စပ်နေပါသည်။ တနည်းအားဖြင့် အောင်မြင်လိုသူများသည် မအောင်မြင်သူများ မလုပ်ချင်ကြသည့် အလုပ်ကိုအရှုံးခံပြီး လုပ်တတ်ကြသည်။ မအောင်မြင်သေးသည့်သူများသည် အလုပ်တစ်ခုကို မနှစ်သက်မလုပ်လိုခြင်းသည် အရှုံးပေါ်မှာစိုးရိမ်ပြီး မလုပ်သကဲ့သို့ အောင်မြင်လိုစိတ်ရှိသူများကလည်း အလုပ်တစ်ခုလုပ်လျှင် အရှုံးခံပြီးလုပ်ရမှာကို မနှစ်သက်ကြပေ။ ထို့ကြောင့် အောင်မြင်လိုစိတ်ရှိသူများသည် ထုံးစံအတိုင်း မိမိကိုယ်မိမိစည်းကမ်းသတ်မှတ်ပြီး လုပ်ကိုင်တတ်ကြပါသည်။

ထို့ကြောင့် ဘဝတွင် အောင်မြင်မှုနှင့် တိုးတက်ခြင်းအတွက် အဓိကအရေးပါသည့် အရာမှာ စွန့်လွှတ်အနစ်နာခံခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့ရည်မှန်းထားသော အောင်မြင်မှုဘဝပန်းတိုင်၊ တိုးတက်မှုဘဝ ပန်းတိုင်ကို စွန့်လွှတ်အနစ်နာခံခြင်းက အမြဲထောက်ပံ့ပေးလျက်ရှိသည်။ ထိုလုပ်ရပ်သည် နောင်အနာဂါတ်မှာ ဆုလာဘ်နှင့် အကျိုးအမြတ်များ ဖြစ်လာစေမည် ဖြစ်ပါသည်။ အောင်မြင်သူအများစုသည် မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ခြင်း၊ မိမိကိုယ်မိမိအစိုးရခြင်း၊ ထိန်းချုပ်နိုင်ခြင်းရှိလာအောင် ပြင်ဆင်ထားတတ်ကြပါသည်။ အောင်မြင်သူများသည် ရည်မှန်းချက်ဖြစ်မြောက်အောင် ယာယီမျှအောင်မြင်မှုကို မမက်မောပဲလုပ်ရခြင်းကို ပိုနှစ်သက်တတ်ကြသည်။ မိမိကိုယ်ကိုစည်းကမ်းထားနိုင်သူ၊ ကိုယ့်စည်းကမ်းနှင့် ကိုယ်နေသူများသည် ဘဝအတွက် အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်းနေသောသူများနှင့် ဆင်တူပေသည်။ ထို့ကြောင့် စည်းကမ်းသတ်မှတ်သူ၏ အရည်အချင်းအလိုက် မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ပြီး လုပ်သင့်သည်ကို လုပ်ရပါမည်။ သတ်မှတ်သည့်စည်းကမ်းအတိုင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ရန် မိမိကိုယ်မိမိ တန်ဖိုးထားမှုများ မြှင့်တင်ပြီး မိမိကိုယ်မိမိပို၍ နှစ်သက်လာမည်ဖြစ်သည်။ ထို့အတူများသောအားဖြင့် မအောင်မြင်သူများသည် တင်းမာမှု၊ ဖိစီးမှုမရှိသည့် သက်သာစေသည့်အလုပ်ကို နှစ်သက်တတ်ကြသည်။

အချိန်၏၅၀%သည် အလေအလွင့်ဖြစ်နေကြောင်း၊ အလုပ်သမားများအနေနှင့် အချင်းချင်းစကား လက်ဆုံပြောတတ်ပြီး တခါတလေဖုန်းပြောနေသည်ကို အချိန်ကုန်နေတတ်ကြောင်း၊ တခါတလေမှာ ကော်ဖီသောက်ချိန်၊ နေ့လယ်စာစားချိန်များမှာအချိန်ပိုသုံးစွဲနေကြောင်း၊ တစ်ရက်ချင်းအလိုက် အလုပ်လုပ်ချိန်သည် (၈) နာရီမျှသာရှိကြောင်း၊ တန်ဖိုးနိမ့်ကျမှုနှင့်သာ အလုပ်ကို ဝတ်ကျေတမ်းကျေလုပ်နေကြောင်းများ သောအားဖြင့် တွေ့ရပါသည်။ အကျင့်စရိုက် အဆင့်အတန်းနိမ့်ကျနေပါက အသုံးတည့်သည့် အလွယ်လမ်းကိုသာ လိုက်နေတတ်သူများပင် ဖြစ်ပေသည်။ စရိုက်လက္ခဏာကောင်း အားနည်းသူများသည် ၎င်းတို့၏ စိတ်ဓာတ်နောက်ခံအရ မကောင်းမှုလုပ်ရန် သွေးဆောင်သည်ကို မရပ်တန့်နိုင်ပဲ စိတ်အလိုလိုက်တတ်ကြပါသည်။ ထိုလူသည် တစ်စုံတစ်ရာ(သို့) အရာရာကို အလကားရယူလိုစိတ်ရှိကြပါသည်။

အဖက်ဖက်က လိုအပ်ချက်ရှိသူမည်မျှများနေပါစေ အနာဂတ်ကိုမျှော်တွေးပြီး ကြိုတင်ပြင်ဆင်ထားနိုင်သည့် အောင်မြင်သူများလည်း အများကြီးရှိနေပါသည်။ အောင်မြင်ပြီးသူများသည် အနာဂါတ်ကာလမှာ ဆက်ပြီးဆင့်ကဲအောင်မြင်နိုင်ရန်အတွက် အချိန်တော်တော်များများပေးပြီး စဉ်းစားတတ်ကြပါသည်။ မည်သူမဆိုအောင်မြင်မှုရလိုလျှင် ရေရှည်ကာလအတွက်ကြိုတင်စဉ်းစားသည့်အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လက်ရှိကာလမှာ အရာရာအပြုသဘောဆောင်ကာ ကောင်းမွန်စေဖို့အတွက် စွမ်းဆောင်နိုင်ရန် အနာဂါတ်ကာလရေရှည်မှာ အကျိုးအမြတ်ကောင်းများရလာမှာ ဖြစ်ပါသည်။ ဘဝတသက်တာတွင် အရေးပါပြီး ရေရှည်ကာလအောင်မြင်မှုသည် စွန့်လွှတ်အနစ်နာခံခြင်းပင် ဖြစ်သည်။ ဘဝတသက်တာလုံး အောင်မြင်ရေးအတွက် အဓိကသော့ချက်မှာ မိမိကိုယ်မိမိစည်းကမ်းသတ်မှတ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့ ရေရှည်ကာလအောင်မြင်ရန်အတွက် တန်ဖိုးအသီးသီးအပေါ် အခြေခံထားပြီး ရေရှည်စဉ်းစား တွေးခေါ်နိုင်စွမ်းရှိနိုင်ကြစေရန်၊ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။

နန်းခမ်းရတနာ(ခမ်းစန္တားဟေ့,)
Powered by Blogger.