မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့(MIID)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ(CSO)က ၂၀၁၂ခုနှစ်တွင် ရေးဆွဲခဲ့သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်းသည် အကောင်အထည်ဖော်မှု အောင်မြင်ပြီးစီးပြီ ဖြစ်သောကြောင့် ဒီကနေ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၂၅)ရက်၊ ကြာသပတေးနေ့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဒေသဦးစီးခန်းမတွင် အဆိုပါ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်းကို ပြန်လည်သုံးသပ်ခြင်းနှင့် မဟာဗျူဟာချမှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နံနက်(၉း၁၅)မိနစ်တွင် စတင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Myanmar Institute for Integarted Development) မှ Mr. Phil Young က ၀မ်းသာ နှုတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်း အကောင်အထည်ဖော်ဆောင်ပြီးစီးမှု လုပ်ငန်းစဉ်နှင့် အစီအစဉ်များကို MIID မှ အဖွဲ့ခေါင်းဆောင် Mr.Paul Knipeက ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်မြို့နယ်အသီးသီးရှိ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များက ၂၀၁၂ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်းနှင့် ပတ်သက်၍ သစ်တော၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ လူမှုရေး၊ စိုက်ပျိုးရေး၊ အခြေအခံအဆောက်အဦးတိုးတက်မှုများကို အုပ်စုဖွဲ့၍ ဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသ မဟာဗျူဟာမြောက်ဖွံ့ဖြိုးမှု ၅နှစ် စီမံကိန်း ပြန်လည်အကဲဖြတ်ရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အမြင်နှင့် ရည်မှန်းချက် ပေါင်းစပ်ရန်၊ နောင်လာမည့် ၅နှစ်အတွက် လုပ်ငန်းစဉ်များ ထပ်မံချမှတ်နိုင်ရန်၊ အဆင့်မြှင့်တင်ထားသော စီမံချက်များအတွက် သုတေသနလုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်ရန်၊ သုတေသနနည်းလမ်းနှင့် နောင်လာမည့်အဆင့်များအား နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ (၂၅)ရက်မှ (၂၆)ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နဂ့ါခွန်
Like On Facebook
Follow On Twitter
Subscribe On RSS