Thursday, January 25, 2018

မိမိတို့ပအိုဝ်းလူမျိုးစည်းလုံးညီညွတ်မှု Version ပြောင်းဖို့အချိန်တန်ပြီ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၆)ရက်





ကျွန်ုပ်တို့ လူသားအားလုံးသည်  လူ့လောကတွင် တစ်ဦးတစ်ယောက်အားဖြင့် သီးခြားနေ၍ မရနိုင်ပေ။ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ပါက လူသားတို့သည် ခေတ်အဆက်ဆက်မှ ယနေ့အချိန်ထိ မိသားစု၊ အသိုင်းအ၀ိုင်း၊ အပေါင်းအသင်း၊ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်၊ ကျေးရွာ၊ နိုင်ငံ စသော စုဖွဲ့မှုအမျိုးမျိုးနှင့် နေထိုင်လာခဲ့ကြသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုအစုအဖွဲ့မှနေ၍ လူသားတို့သည် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး မိမိတို့လိုချင်သော အရွေ့၊ ပန်းတိုင်၊ အိပ်မက်များကို အကောင်အထည်ဖော် ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အစုအဖွဲ့တစ်ခုတွင် စည်းလုံးညီညွတ်မှုသည် မရှိမဖြစ် အရေးကြီးလှကြောင်း သုံးသပ်နိုင်ပါသည်။

စည်းလုံးခြင်းနှင့်ပတ်သက်၍ မည်သည့်ဒေသ၊ မည်သည့်အလုပ်တွင်မဆို ကျွန်ုပ်တို့အစဉ်အမြဲမရိုးနိုင်အောင် ကြားနေရသည်မှာ “ စည်းလုံးကြပါ”၊ “စည်းလုံးမှုရှိမှ အောင်မြင်မယ်”၊ “အားလုံးတက်ညီလက်ညီလုပ်မှ တိုးတက်မယ်” စသည့် စကားများပင် ဖြစ်သည်။  စည်းလုံးညီညွတ်မှုကို အကြောင်းပြု၍ သင်ခန်းစာများ၊ ပုံပြင်များလည်း တော်တော်များများ ဖတ်ကြားခဲ့ဖူးမည် ထင်ပါသည်။ စည်းလုံးခြင်းနှင့် ပတ်သက်၍ စာဖွဲ့လျှင် ကုန်နိုင်မည် မဟုတ်ပေ။ သို့သော် စည်းလုံးခြင်းတွင် စွမ်းအားများစွာ ရှိနေသည်ကို သတိပြုရန် လိုအပ်ပါသည်။ ယနေ့လူသားတို့သည် စည်းလုံးခြင်း စွမ်းအားကို ဦးတည်ချက်အမျိုးမျိုးဖြင့် နေရာတိုင်းတွင် ကျင့်သုံးလျက်ရှိသည်။ ထို့ကြောင့် စည်းလုံးခြင်းသည် အရာရာကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်သော အရာပင် ဖြစ်နေပေသည်။

ကျွန်ုပ်တို့ ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ အဆုံးအမ၊ လူကြီးမိဘ သြ၀ါဒကို နာခံတတ်သောလူမျိုးပီပီ စည်းစည်းလုံးလုံးနှင့် နေထိုင်လာခဲ့ကြသည်။ ဤသည်မှာ မိမိတို့ပအိုဝ်းလူမျိုးများ အတွက်  တန်ဖိုးမဖြတ်နိုင်သော ဘုရားပေးသောဆုပင် ဖြစ်သည်။  ဤ “စည်းလုံးညီညွတ်မှု”ဖြင့် ပဒေသရာဇ်စနစ်ဆိုးကို တော်လှန်နိုင်ခဲ့သည်။ ဤ “စည်းလုံးညီညွတ်မှု”ဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဤ “စည်းလုံးညီညွတ်မှု”ကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအလယ်တွင် မိမိတို့လူမျိုးကို “ပအိုဝ်း”ဟု လူသိများလာခဲ့သည်။ ဤ “စည်းလုံးညီညွတ်မှု”ဖြင့် မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရရှိ ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုကဲ့သို့ မိမိတို့ပအိုဝ်းလူမျိုးများ ရပ်တည်နေနိုင်ခြင်းမှာ စည်းလုံးခြင်း၏ စွမ်းအား၊ စည်းလုံးခြင်းမှရသော ရလဒ်များဟုဆိုလျှင် မှားမည်မထင်ပေ။ မိမိတို့ ပအိုဝ်းလူမျိုးများသည် စည်းလုံးကာ ရိုင်းပင်းကူညီတတ်ကြပြီး ချစ်စရာဓလေ့များ ပိုင်ဆိုင်ထားသော လူမျိုးဖြစ်ကြောင်းကို မိမိတို့ပအိုဝ်းလူမျိုးများ၏ သာရေး၊ နာရေး၊ ရှင်လောင်းပွဲ၊ လူမူရေးပွဲများအား ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ထိုသို့ စည်းလုံးညီညွတ်ခြင်းဓလေ့ကို ပိုင်ဆိုင်ထားသော မိမိတို့ပအိုဝ်းလူမျိုးများသည် စည်းလုံးခြင်း၏ စွမ်းအားကို အသုံးချတတ်ရန် လိုအပ်လှပါသည်။ လက်ရှိအနေအထားတွင် မိမိတို့ပိုင်ဆိုင်ထားသော စည်းလုံးညီညွတ်မှုကို ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းသောအပိုင်းတွင်သာ အသုံးပြုနေသည်ကို တွေ့မြင်ရပါသည်။ ဤသို့ အသုံးပြုခဲ့သည်မှာလည်း ခေတ်ရေစီးကြောင်းနှင့် နိုင်ငံရေးအခြေအနေပေါ် မူတည်လိမ့်မည်ဟု ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ပအိုဝ်းလူမျိုးသည် ရှေ့ကျသော လူမျိုးများဖြစ်သော်လည်း သတိတရား၊ အသိတရား အားနည်းခဲ့မှုကြောင့် မိမိတို့ပအိုဝ်းလူမျိုး၏ ကံကြမ္မာသည် ဆိုးရွားခဲ့ရ၏။ ဤသည်မှာ မိမိတို့ပအိုဝ်းလူမျိုးကို ကရင်မျိုးနွယ်စုတွင် သော်လည်းကောင်း၊ ရှမ်းမျိုးနွယ်စုတွင် သော်လည်းကောင်း ထည့်သွင်းခံခဲ့ရခြင်းက သက်သေပြနေပါသည်။ ထိုအခြေအနေတွင် မိမိတို့ပအိုဝ်း လူမျိုးများသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ကြောင်းကို သက်သေပြနိုင်ရန်အတွက် မိမိတို့လူမျိုး၏ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများကို စည်းစည်းလုံးလုံး ထိန်းသိမ်းခဲ့ကြရသည်မှာ မဆန်းလှပေ။  ထိုသို့ စည်းစည်းလုံးလုံးနှင့် မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်း၊ ထုတ်ဖော်ခဲ့သောကြောင့် ယခုလက်ရှိတွင် မိမိတို့ပအိုဝ်းလူမျိုးသည် သီးခြားလူမျိုးတစ်မျိုးဖြစ်ကြောင်းကို တော်တော်များများ သိရှိလာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ စည်းလုံးညီညွတ်ခြင်း၏ စွမ်းအားပင် မဟုတ်လော။

ခေတ်စနစ်သည် အချိန်နှင့်အမျှ ပြောင်းလဲနေ၏။ ထိုသို့ဆိုလျှင် ယခုလက်ရှိ မိမိတို့ပိုင်ဆိုင်ထားသော စည်းလုံးခြင်းစွမ်းအားကို ခေတ်စနစ်နှင့်လိုက်လျောညီထွေစွာ မည်ကဲ့သို့ကျင့်သုံးမည်နည်း။ မိမိတို့ ပအိုဝ်းလူမျိုးတိုင်း စဉ်းစားသင့်ပြီ ဖြစ်သည်။ သေချာသည်မှာ ယခုလက်ရှိ စည်းလုံးမှုကို အဆုံးရှုံးမခံဘဲ မိမိတို့လူမျိုးအတွက် အမျိုးသားရေးခွန်အားတစ်ခုအနေဖြင့် ထိန်းသိမ်းရမည်မှာ အမှန်ပင်ဖြစ်သည်။  ထို့ပြင်  တစ်ဖက်တွင်လည်း ခေတ်စနစ်၏ တောင်းဆိုမှုအရ မိမိတို့၏ စည်းလုံးမှုစွမ်းအားကို ခေတ်နှင့်အညီ လိုက်ပါကျင့်သုံးနိုင်ရန် အရေးကြီးလှပါသည်။ ထိုသို့ ခေတ်စနစ်နှင့်အညီ လိုက်ပါကျင့်သုံးနိုင်ရန်မှာ လူငယ်များအခန်းကဏ္ဍနှင့် များစွာသက်ဆိုင် နေပါသည်။ အနာဂတ်ကို ပိုင်ဆိုင်ဖန်တီးနိုင်သည်မှာ လူငယ်များပင် မဟုတ်လော။

ထို့ကြောင့် ယနေ့မိမိတို့လူငယ်များလက်ဝယ်တွင်ရှိသော စည်းလုံးမှုကို ခေတ်စကားအရ Update လုပ်ရန်နှင့် Version မြှင့်ရန် လိုအပ်ပါသည်။ ဆိုလိုသည်မှာ ယခင်မိမိတို့ဘိုးဘွားဘေဘင် လက်ထက်က ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန်အတွက်သာ အသုံးပြုခဲ့သော စည်းလုံးမှု စွမ်းအားကို  မူလတစ်နေရာတည်းတွင် မထားရှိဘဲ နည်းပညာတိုးတက်ပြောင်းလဲလာသော ယနေ့ခေတ်တွင် ခေတ်ရေစီး ကြောင်းကိုလိုက်၍ ကျင့်သုံးနိုင်ရန် ဖြစ်သည်။ ဥပမာ-  စီးပွားရေးလုပ်ငန်းတွင် စိုက်ပျိုးရေး တစ်ခုတည်းကို အားမကိုးဘဲ ၀န်ဆောင်မှုလုပ်ငန်းများ၊ ကုန်ကြမ်းမှကုန်ချောထုတ်လုပ်ငန်းများ၊ ဟော်တယ် လုပ်ငန်းများ၊ အဆင့်မြှင့်စားသောက်ဆိုင်လုပ်ငန်းများ စသဖြင့် အစရှိသော စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် မိမိတို့လူမျိုးစီးပွားရေးသမားများ စုပေါင်းညှိနှိုင်းပြီး အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဤသို့ အတူတကွ စုပေါင်းလုပ်ဆောင်နိုင်မှသာ စီးပွားရေးနှုင့် ပတ်သက်၍ စည်းလုံးမှုစွမ်းအားတစ်ရပ် ပေါ်ထွက် လာနိုင်မည် ဖြစ်သည်။

ထို့ပြင် ယခင်က အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းရန် စည်းစည်းလုံးလုံး ကျင့်သုံးခဲ့သော ယဉ်ကျေးမှုတစ်ခုကို Version မြင့်ပြီး ယခုလက်ရှိအချိန်တွင် အမျိုးသားတိုးတက်ရေးဘက်သို့ ရွေ့ရန်လိုအပ်မည်ဟု ထင်ပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)၊ပုဒ်မ ၅၆၊(ဂ)အရ မိမိတို့ ပအိုဝ်းလူမျိုးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းဟူ၍ (၃)မြို့နယ် သတ်မှတ်ပေးထားသည်။ သို့သော် ထို(၃)မြို့နယ်ရှိ အစိုးရယန္တာရားတွင် မိမိတို့ပအိုဝ်းလူမျိုး  တာဝန်ထမ်းဆောင်နေမှုကို ပြန်ကြည့်လျှင် အင်မတန်ပင် နည်းပါးလှပါသည်။ မိမိတို့ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ (၃)မြို့နယ်တွင် အစိုးဝန်ထမ်း (၆၀၀၀)ကျော် ရှိသည့်အနက် ပအိုဝ်းလူမျိုးမှာ ရာဂဏန်းလောက်သာ ရှိနေသည်ဟု သိရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ပအိုဝ်းလူမျိုး၏ စည်းလုံးညီညွတ်မှုသည် အရာမရောက်သေးဟု ဆိုနိုင်ပါသည်။ ထိုကြောင့် အစိုးရယန္တရားတွင် မိမိတို့ပအိုဝ်းလူငယ်များ တာဝန်ထမ်း ဆောင်နိုင်မှသာ မိမိတို့လူမျိုးအတွက် အမျိုးသားတိုးတက်ရေး စည်းလုံးမှုစွမ်းအားတစ်ရပ် ပေါ်ထွက်လာမည် ဖြစ်သည်။ အမျိုးသားတိုးတက်ရေး စည်းလုံးမှု အားကောင်းမှသာလျှင် မိမိတို့လူမျိုး၏ အနာဂတ်အိပ်မက်များကို လွယ်လွယ်ကူကူ ဖော်ဆောင်နိုင်မည် ဖြစ်သည်။

စည်းလုံးမှုနှင့် ပတ်သက်၍ နောက်ထပ် မိမိတို့လူမျိုး Update လုပ် ပြုပြင်ရမည့် အရေးကြီး သောအချက်မှာ  မိမိတို့ပအိုဝ်းလူငယ်များအနေဖြင့် ငယ်စဉ်ဘ၀တွင် ဘ၀ဦးတည်ချက် ဆုံးဖြတ်တတ်သော အလေ့အထကို စုပေါင်းပျိုးထောင်ရန် ဖြစ်သည်။ ဤအခန်းကဏ္ဍသည် လူငယ်များနှင့် များစွာသက်ဆိုင်မည်ဟု ထင်ပါသည်။ ယခုလက်ရှိ ပညာသင်ကြားနေသော အထက်တန်းကျောင်းသား/သူများ၊ တက္ကသိုလ်ကျောင်း သား/သူများ အနေဖြင့် “မိမိဘာကြောင့်/ ဘာအတွက်ကြောင့် ပညာသင်နေသနည်း။ မိမိဘ၀ အနာဂတ်ခရီးလမ်းကို မည်သို့ စိတ်ကူးထားသနည်း” စသဖြင့် မိမိကိုယ့်မိမိ ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ ထိုသို့ ပြန်လည်သုံးသပ်ပြီး မိမိဘ၀ဦးတည်ချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်မှသာလျှင် မိမိသည် ထိုဆုံးဖြတ်ချက်အတွက် ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်သည်။ ထိုသို့ မှန်ကန်သော ဘ၀ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် အနီးကပ်ဆရာဖြစ်သော မိဘများအနေဖြင့် လမ်းညွန်ရမည်ဖြစ်ပြီး လူငယ်များအနေဖြင့် အားလပ်သောအချိန်တွင် ပြင်ပဗဟုသုတများကို လေ့လာထားရန် လိုအပ်ပါသည်။ ဤကဲ့သို့ မိမိတို့ပအိုဝ်း ပညာတတ်လူငယ်များတွင် ဘ၀ဦးတည်ချက် တိတိကျကျရှိခြင်းအားဖြင့် လူငယ်များထံတွင် လူ့စွမ်းအားအရင်း အမြစ် စည်းလုံးမှုစွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်မှာ အမှန်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်ရှိခြင်းအားဖြင့် နိုင်ငံ၏ တိုးတက်မှုသည်လည်း မြန်ဆန်လာမည်ဟု မြင်မိပါသည်။

အကြောင်းတရားအမျိုးမျိုးကြောင့် စည်းလုံးမှုကို ပိုင်ဆိုင်ထားသော မိမိပအိုဝ်းလူမျိုးများကို မိမိတို့ကိုယ်တိုင် ဂုဏ်ယူချီးကျူးနေရမည် ဖြစ်သည်။ ထို့ပြင် လူငယ်များအနေဖြင့် ထိုစည်းလုံးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်းရန်နှင့် Update လုပ် Version မြင့်ပေးရန်မှာ လူငယ်များ၏ တာဝန်ပင် ဖြစ်သည်။ စည်းလုံးမှု၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု အစရှိသည်များမှာ မူလအစတွင် ကျင့်သုံးခြင်းမှ ဖြစ်ပေါ်လာသော အရာများပင် ဖြစ်သည်။ ဥပမာ- မီးရှူးပွဲ (ပွယ်လူးဖဲုင်)သည် မူလအစတွင် မိမိတို့ ရိုးရာယဉ်ကျေးမှု မဟုတ်ခဲ့ပေ။ ရှေ့အခါက စော်ဘွားများခေတ်တွင် မိဘပြည်သူများထံမှ လောင်းကစားအခွန်ရရန် ပြုလုပ်ခဲ့သောပွဲများသာ ဖြစ်သည်ဟု ရှေ့လူကြီးများထံမှ ကြားသိခဲ့ဖူးသည်။ သို့သော် နောင်အခါ စော်ဘွားများ အာဏာစွန့်ပြီး မီးရှူးပွဲများကို ရပ်ဆိုင်းခဲ့သော်လည်း မီးရှူးပွဲကို စွဲလမ်းသောသူများက မိမိတို့၏ ရိုးရာယဉ်ကျေးမှုအသွင်ဖြင့် ပြုလုပ်လာကြသည်။ မီးရှူးပွဲပြုလုပ်ရခြင်းအကြောင်းကိုလည်း အဓိပ္ပာယ်အမျိုးမျိုး ဖွင့်လာကြသည်ကို မြင်တွေ့နိုင်ပါသည်။ ယခုအချိန်တွင် ကျွန်ုပ်တို့အားလုံး သိရှိလက်ခံနေသည်မှာ မီးရှူးပွဲကို တောင်သူများ မိုးရာသီတွင် လယ်ယာသီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် ရာသီဥတုကောင်းမွန်စေရန် ရည်ရွယ်၍ မိုးကြိုသော အထိမ်းအမှတ်အနေဖြင့် သော်လည်းကောင်း၊ ဘုရားစေတီပုထိုးများကို မီးပူဇော်သော အထိမ်းအမှတ်အနေဖြင့် သော်လည်းကောင်း ပြုလုပ်ခြင်းဖြစ်သည်ဟု နားလည်ထားကြပါသည်။ ယခုအခါ အဆိုပါ မီးရှူးပွဲ(ပွယ်လူးဖဲုင်)သည် မိမိတို့အသည်းစွဲ ရိုးရာပွဲတစ်ခုပင် ဖြစ်နေပြီ ဖြစ်သည်။  ဒီနေရာတွင် စာရေးသူအနေဖြင့် မီးရှူးပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကောင်းခြင်း၊ မကောင်းခြင်းကို ပြောချင်သည် မဟုတ်ပေ။  စုပေါင်းကျင့်သုံးခြင်းကြောင့် ဓလေ့၊ ရိုးရာဖြစ်လာပြီး မိမိတို့အားလုံး လက်ခံလာသည့်အခါ ယဉ်ကျေးမှုဖြစ်လာရသည်ဟူသည့် အကြောင်းကိုသာ မြင်စေချင်ပါသည်။

စုပေါင်းစည်းလုံးခြင်းသည် မည်သည့်ကိစ္စမဆို အောင်မြင်စေနိုင်သော အစွမ်းသတ္တိရှိ၏။ ထို့ကြောင့် လက်ရှိမိမိတို့ပအိုဝ်းလူမျိုးများ၏ စည်းလုံးမှုကို အခြေခံပြီး မိမိတို့အမျိုးသားတိုးတက်ရေး ဘက်တွင်လိုအပ်နေသော ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးကိစ္စရပ်များတွင်သော်လည်းကောင်း၊ အစိုးရဌာနဆိုင်ရာ များတွင်သော်လည်းကောင်း၊ လူငယ်များလူ့စွမ်းအားအရင်းအမြစ် ဖော်ထုတ်ရာတွင်သော်လည်းကောင်း အားလုံးဝိုင်းဝန်း သယ်ဆောင်သွားမည်ဆိုပါက နောင်အခါတွင် ကျင့်သုံးမှုတစ်ခု ဖြစ်လာပြီး ထိုကျင့်သုံးမှုမှ ခိုင်မာသော ခေတ်သစ်အဆင့်မြှင့်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာမည်မှာ အမှန်ပင် ဖြစ်သည်။ ထိုသို့ ဘက်ပေါင်းစုံတွင် မိမိတို့ပအိုဝ်းလူမျိုးများ စည်းစည်းလုံးလုံး တည်ရှိနိုင်နေနိုင်မှသာလျှင် စည်းလုံး ညီညွတ်သော မိမိတို့ပအိုဝ်းလူမျိုးဖြစ်ပြီး နေရာတိုင်းတွင် အရှိန်အ၀ါရှိမည် ဖြစ်သည်။   ထို့ကြောင့် စည်းလုံး ညီညွတ်သော မိမိတို့ပအိုဝ်းလူမျိုးများအနေဖြင့် လူ့ဘုံအလယ်တွင် မျက်နှာမငယ်ရစေရန်နှင့် အားကောင်းသော ခေတ်သစ်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာစေရန်မှာ  “ယခုလက်ရှိ  မိမိတို့ပအိုဝ်းလူမျိုးစည်းလုံးမှုကို Update လုပ်ပြီး Version ပြောင်းရန်လိုအပ်ပြီ ” ဖြစ်ကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.