ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးသည် အဓိကကုန်ထုတ်လုပ်မှုလုပ်ငန်းကြီး၏ ပြည်နယ်တစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့၏ အဓိကအသက်မွေးဝမ်းကြောင်းမှုမှာလည်း စိုက်ပျိုးရေးပင်ဖြစ်သည်။ ရှမ်းပြည်နယ်သည် ရာသီဥတုကောင်းမွန်ခြင်း၊ မိုးရေချိန်မျှတခြင်း၊ သဘာဝမြေသြဇာမြောက်များစွာရှိနေခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းရာအရပ်ဒေသလည်းဖြစ်သည်။ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့်အနက် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားပြီး အခြားသောတိုင်းရင်းသားများနှင့် ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲပြီးနေထိုင်ခဲ့သည်။
ပအိုဝ်းတိုင်းရင်းသားအများစုသည် တောင်ယာ၊ လယ်ယာစိုက်ပျိုးရေးဖြင့်အသက်မွေးကြသည့် အားလျှော်စွာ ၎င်းတို့ စိုက်ပျိုးရေး၏ အဓိကထွက်ကုန်များမှာ စပါး၊ သနပ်ဖက်၊ လက်ဖက်၊ သစ်တော်၊ ကော်ဖီထုပ်၊ ပန်းမုံလာ၊ အာလူး၊ လိမ္မော်၊ ဂျင်း၊ ငရုပ်၊ ခရမ်းချဉ်သီး၊ ၊ ကြက်သွန်ဖြူနှင့် အခြားသောဟင်းသီး ဟင်းရွက်တို့ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများသည် စိမ့်စမ်းရေထွက်များကိုအမှီပြု၍ ရသမျှ ရှိသမျှ မြေကွက်လပ်များတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတစ်ခုလုံး သနပ်ဖက်ပြီးလျှင် ကြက်သွန်ဖြူကို ရေရသောနေရာတိုင်းတွင် ကြက်သွန်ဖြူကို အိမ်တိုင်းအင်တိုက် အားတိုက် စိုက်ပျိုးကြသည်။
ကြက်သွန်ဖြူစိုက်ပျိုးရန်မြေမှာ အပူအအေးမျှတပြီး မြေပွမျိုးတွင်စိုက်ပျိုးလေ့ရှိသည်။ ရေရရှိရန်နှင့် ရေဓာတ်ရရှိရန် အကောင်းဆုံးဖြစ်ပါသည်။ ကြက်သွန်ဖြူသည် အမွှာများဖြစ်လည်းကောင်း၊ ဥတစ်လုံး ဖြစ်လည်းကောင်း၊ ဥသဖွယ်ဖြစ်နေသော အဖြူရောင်အဆင်းရှိသည့် ကြက်သွန်ဥများပင်ဖြစ်သည်။ ထို့ကြောင့် ကြက်သွန်ဖြူစိုက်တောင်သူများသည် ကြက်သွန်ဖြူမစိုက်ခင် ဥသဖွယ်ဖြစ်နေသော အဖြူရောင်အဆင်းရှိသည့် ကြက်သွန်ဥများကို အမွှာအစိပ်များဖြစ်အောင် တော်သလင်းလ၊ သီတင်းကျွတ်လများတွင် ကြိုတင်၍ခွာပေးရပါသည်။ ထိုသို့ကြက်သွန်ဖြူခွာရာတွင် ဟင်းချက်စားရန်အခွန်များကို ခွာခြင်းမျိုး မဟုတ်ပေ။ ထိုသို့ပြီးနောက် စက်တင်ဘာလတွင် ထယ်သုံးစပ်၊ ထွန်ခြောက်ထပ်မွှေပြီး သဘာဝမြေသြဇာ၊ နွားချေးများထည့်ပြီး သမအောင်ထွန်ယက်ပေးရသည်။ သမအောင်ထွန်ယက်ပြီးချိန်တွင် အများစုသည် ဘောင်များပြုလုပ်ပြီး ကျဲ၍ဖြစ်စေ၊ အချို့သည်ရိတ်သိမ်းပြီးသော လယ်တောများထဲမှ ကျန်ရှိသော ကောက်ရိုးပင်များကိုရှင်းလင်း၍ လက်ဖြင့်တစ်မွှာခြင်းစီစိုက်နေသည်ကိုလည်း နောက်ပိုင်း ကာလတွင် တစိုက်မတ်မတ်စိုက်ပျိုးလာသည်ကိုလည်း တွေ့ရှိရပါသည်။
လူဦးရေတိုးပွားလာခြင်းနှင့်အတူ သစ်တောများ ပြုန်းတီလာမှုတို့ကြောင့် စိုက်ပျိုးတောင်သူများလည်း အခက်အခဲများကြုံတွေ့လာခဲ့သည်။ လွန်ခဲ့သည့်ကာလများ တောင်ပေါ်ဒေသများတွင် ကြက်သွန်ဖြူ စိုက်ပျိုးရန်ရေလုံစွာရရှိနိုင်သောကြောင့် လယ်ကွင်း၊ လယ်တောများထဲ၌ စိုက်ပျိုးသူအနည်းငယ်သာရှိခဲ့သည်။
ယနေ့အချိန်ကာလသည် တောင်ပေါ်ဒေသများတွင် ရေရှားပါးလာမှုကြောင့် လယ်တောများထဲသို့ အများအပြားစိုက်ပျိုးလာကြသည်။ လယ်တောများထဲသို့ စိုက်ပျိုးခြင်းသည် စိုက်ချိန်ကြာမြှင့်သော်လည်း တောင်ပေါ်ဒေသ(ရေခြံ)မှ ရေရှားပါးမှုပြဿနာကိုကာမိစေရန်နှင့် ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်း ကိစ္စများကို သက်သာစေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့စိုက်ပျိုးရာတွင် ကြက်သွန်အမွှာလေးများသည် မြေကြီးနှင့်အနည်းငယ်ထိတွေ့ခြင်းကြောင့် ကောက်ရိုးများကိုထူထပ်စွာဖုံးအုပ်ပေးရပါသည်။ တောင်ပေါ် ဒေသ၏ ကြက်သွန်သက်တမ်း (၅)လဖြစ်လျှင် လယ်တောထဲစိုက်ပျိုးသည့်ကြက်သွန်များသည် (၃)လမျှသာ ကြာမြင့်သည်ကို တွေ့ရှိရပါသည်။
ကြက်သွန်ဖြူစိုက်ပျိုးသည့်တောင်သူများသည် ကြက်သွန်ဖြူစိုက်ပျိုးရာတွင်အရင်းအနှီးများစွာကို ရင်းနှီးမြုပ်နှံကြရပါသည်။ အရင်းအနှီးများစွာ အသုံးပြုရသော်လည်း ကြက်သွန်ဖြူ၏ဈေးနှုန်းသည် အာမခံချက်မရှိ၊ ပုံမှန်ဈေးနှုန်းများမရရှိသောကြောင့် ကြက်သွန်ဖြူစိုက်တောင်သူများအနေဖြင့် “မှန်းချက်နဲ့ နမ်းထွက်မကိုက်” ဖြစ်နေသည်ကို နှစ်စဉ်နှင့်အမျှ တွေ့ကြုံခံစားနေရပါသည်။ စာရေးသူအနေဖြင့်လည်း ကြက်သွန်ဖြူဈေးနှုန်းကျဆင်းမှုကြောင့် ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါသည်။ လွန်ခဲ့သော သုံးလေးနှစ်ကာလ အတွင်းတွင် ကြက်သွန်ဖြူဈေးနှုန်းမရှိသဖြင့် ထုတ်ရောင်းရန်အဆင်မပြေ၍ ဝါးရုံထဲတွင် သွားရောက် လွတ်ပစ်မှုကာ ကြက်သွန်ဖြူသည် စပ်၍ပူရှိန်းသောအရသာရှိသောကြောင့် ဝါးရုံပင်များသေဆုံးသွားကာ တရားစွဲဆိုမှုပြဿနာများဖြစ်ပွားခဲ့ပါသည်။ ထိုသို့ ကြက်သွန်ဖြူဈေးနှုန်း ကျဆင်းခြင်းနှင့် အာမခံချက် ဈေးနှုန်းများမရရှိခြင်းသည် ကြက်သွန်ဖြူအသင်းအဖွဲ့မရှိခြင်း (သို့မဟုတ်) မိမိတို့ဒေသထွက်သည့် ကြက်သွန်ဖြူများ၏အရည်အသွေးသည် ပြည့်မီခြင်းမရှိခြင်းလောဟု ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ ကုန်ပစ္စည်းများဈေးနှုန်းကျဆင်းခြင်း၊ ဈေးနှုန်းတက်ခြင်းသည် နိုင်ငံတော်၏ မူဝါဒအပေါ်တွင်လည်းမူတည်သကဲ့သို့ ကုန်ပစ္စည်းအမြှောက်အများကို ဝယ်ယူသိုလှောင်ထားသည့် ကုန်သည်(ဒေသအခေါ်ပွဲစား)များ ဈေးနှုန်းကစားမှုပေါ်တွင်လည်းမူတည်ပါသည်။
မိမိတို့ဒေသထွက်ကြက်သွန်ဖြူ၏အရည်အသွေးများသည် တရုတ်ပြည်ထွက်ကြက်သွန်ဖြူနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အရည်အသွေးအနည်းငယ်ကွဲပြားနေသည်ကိုတွေ့မြင်နေရပါသည်။ မိမိတို့ ဒေသထွက်ကြက်သွန်ဖြူသည် မိရိုးဖလာအတိုင်းသာစိုက်ပျိုးခြင်းသာဖြစ်၍ အထွက်နှုန်းနည်းပါးပြီး သိုလှောင်သိမ်းဆည်းသည့်နေရာတွင်လည်း သန့်ရှင်းသပ်ရပ်မှုမရှိသောကြောင့် ဈေးကွက်သို့တင်သွင်းသည့် အချိန်တွင် ဖောက်သည်လိုအပ်ချက်နှင့်ကိုက်ညီမှုအားနည်းနေသည်ကို တွေ့မြင်နေရပါသည်။ ထို့ကြောင့် ကြက်သွန်ဖြူစိုက်တောင်သူများအနေဖြင့် ဖောက်သည်များ၏လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်အတွက် အဆင့်မြှင့်စိုက်ပျိုးရေးနည်းပညာများကို ဆက်လက်လေ့လာရန်လိုအပ်ပါသည်။ ကြက်သွန်ဖြူစိုက်အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန်အတွက် တောင်သူများအနေဖြင့်ပူးပေါင်း ဆောင်ရွက်ကြရန်လိုသည်။ သိုလှော်သိမ်းဆည်းသည့်အခါ ဈေးကွက်တွင်ထိရောက်စွာထိုးဖောက်နိုင်ရန်အတွက် တောင်သူများအနေဖြင့် သန့်ရှင်းသပ်ရပ်သော ကုန်ပစ္စည်းများ(ကြက်သွန်ဖြူ)ရရှိအောင် လုပ်ဆောင်ကြရန်လိုအပ်ပြီး ကြက်သွန်ဖြူစိုက်ပျိုးရာတွင်အဆင့်မြှင့်နည်းပညာများရှာဖွေစိုက်ပျိုးကြပါရန် စာရေးသူအနေဖြင့် တိုက်တွန်းလိုပါသည်။
ခွန်လိုရဲုင်း
လွယ်ကောင်း
Like On Facebook
Follow On Twitter
Subscribe On RSS