Tuesday, April 24, 2018

မိခင်အမွေ၊ ရတနာမြေ ထိန်းသိမ်းကြစို့လေ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၅)ရက်


ကမ္ဘာပေါ်ရှိ နေထိုင်ကျက်စားကြသော သတ္တဝါတိုင်းသည် မြေ၊ ရေ၊ လေကိုမှီခိုအားထားသကဲ့သို့ နေ့စဉ်အသက်ရှင်နေနိုင်ရန်အတွက် ဝမ်းစာရှာဖွေဖြည့်ရင်း အသက်ဆယ်ချီ၊ ရာချီရောက်အောင် ရှင်သန်နေထိုင်လာခဲ့ကြရသည်။ လူ့လောကထဲရောက်လာပြီး အသက်မွေးရန် အခြေခံလိုအပ်ချက်အများစုထဲမှ တစ်ခုဖြစ်သော အလွန်အရေးကြီးသည့် “ မိခင်အမွေ၊ ရတနာမြေ “ အကြောင်း တစ်စေ့တစ်စောင်း လေ့လာတွေ့ရှိချက်၊ တွေ့မြင်ချက်အရ တင်ပြလိုပါသည်။

မြေကြီးပေါ်နေ၊ လေကိုရှု၊ ရေကိုသောက် အသက်ရှင်နေသော သတ္တဝါအတွင်းမှ လူသားသည်လည်း ထမင်းစား၊ ရေသောက်ခြင်းဖြင့် အသက်မွေးကြသည်။ အဘယ်ကြောင့်ဆိုသော် မြေနေရာ ဒေသကွဲပြားမှုကြောင့်၊ မိမိ၏ကိုယ်ပိုင်ဓလေ့ထုံးတမ်းကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့်ဓါတ်ကြီးလေးပါးအတွင်းမှ လူသားအတွက်အရေးကြီးဆုံးတစ်ခုဖြစ်သော မြေကြီးအကြောင်းကို အနည်းကျဉ်းမျှတင်ပြလိုပါသည်။ မြေဆိုသည်မှာ နိုင်ငံရေး၊ နိုင်ငံရေးဆိုသည်မှာ မြေပိုင်ဆိုင်မှု အနည်းအများ၊ အကျယ်အဝန်းဟုနားလည်ထားပါသည်။ ဤမြေသည် နေရာမပြောင်းတတ်၊ ထွက်မပြေးတတ် သူ့နေရာနဲ့သူရှိနေသော ထာဝရဥစ္စာရတနာဖြစ်သည်။ အဘယ်ကြောင့် ထာဝရဥစ္စာရတနာလို့ ပြောနိုင်ရခြင်းမှာ အသက်မွေးရန်အတွက် သစ်သီးဝလံ၊ စားစရာအမျိုးမျိုးကို စိုက်ပျိုးနိုင်ခြင်း၊ အိမ်ဆောက်နိုင်ခြင်း၊ မြေပေါ် မြေအောက်ရှိ ရေ၊ ဝါး၊ ရွှေ၊ စိန်၊ ကျောက်မျက်ရတနာများ၊ တန်ဖိုးကြီး သယံဇာတအမျိုးမျိုးကို ယူဆောင်အသုံးပြုနိုင်သဖြင့် စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သာသနာရေး အစရှိသည့် လောကဓမ္မအရေးအမျိုးမျိုးကိုပြုလုပ်နိုင်စေသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးကို ထာဝရဥစ္စာရတနာဟု ပြောနိုင်ခြင်းဖြစ်သည်။

ဤသို့တင်ပြရခြင်းမှာ လူတစ်ဦးတစ်ယောက်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ အသက်ရှင်နိုင်ရန် ဤမြေယာများသာ မရှိမဖြစ်လိုအပ်ခြင်းဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးအများစုသည် စိုက်ပျိုးရေးကိုအဓိကထားပြီး အသက်မွေးကြသည်ကို တွေ့မြင်ရသည်။ ဤထဲတွင်မူ ပအိုဝ်းတိုင်းရင်းသား အများစုလည်း အပါအဝင်ဖြစ်သည်။ အချို့တွင် တောင်ကုန်းတောင်တန်းရှိ သစ်ပင်များကိုခုတ်ယူပြီး ထင်းအဖြစ်၊ မီးသွေးအဖြစ်၊ အသုံးပြုကြသောကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော်လည်း တစ်ဖက်ကြည့်ရလျှင်ရာသီဥတုပျက်စေနိုင်သဖြင့် မြေယာကို ဖျက်စီးသလို ဖြစ်စေသည်။ သစ်ပင်မရှိခြင်းကြောင့် မုန်တိုင်းတိုက်၍ ရေဖုံးလွှမ်းကာ ရတနာမြေကို ဆုံးရှုံးနိုင်သည်။

မိမိ၏အဓိကကျသော စိုက်ပျိုးမြေယာကိုတန်ဖိုးမထား မထိန်းသိမ်းလျှင် အသက်မွေးရန်ခက်နိုင်လိမ့်မည်။ တစ်နည်းပြောရလျှင် ပအိုဝ်းတိုင်းရင်းသားအများစုသည် မြေယာကိုအလေးမထားဘဲ ဓာတု မြေသြဇာများအလွန်အကျွန်သုံးခြင်း၊ တစ်ခြားလူမျိုးများ၏ ငွေကြေးကို မက်မောလွန်နေခြင်းစသည်တို့ကြောင့် ဆုံးရှုံးရခြင်းများနေသည်။ စိုက်ပျိုးရေးကို လုပ်ကိုင်ရာတွင် နှစ်တို၊ နှစ်ရှည် အစရှိသည့် အပင်မျိုးကိုစိုက်ကြသည်။ မိဘဘိုးဘွားလက်ထက်ကပင် မြေနေရာကို ထိန်းသိမ်းရင်းအသက်မွေးစိုက်ပျိုးလာကြသဖြင့် သားသမီးအယောက် (၁ဝ) ကျော်မွေးသော်လည်း သမာအာဇီဝကျကျနှင့်သာ ကျွေးမွေးပြုစုနိုင်ခြင်းသည် လယ်၊ ယာမြေ၏ အကျိုးကျေးဇူးကြောင့်ဟု ပြောနိုင်သည်။

ယခုလူငယ်အများစုသည်လည်း မိဘအမွေဖြစ်သော လယ်ယာစိုက်ပျိုးခြင်းကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း စိုက်ပျိုးရန် မြေနေရာအခက်အခဲများစွာရှိနေသည်ကိုတွေ့ရသည်။ အဘယ်ကြာင့်ဆိုသော် တစ်ဖက်က ကုန်ပစ္စည်းဈေးနှုန်းမတည်ငြိမ်ခြင်း၊ ငွေကြေးရှိသူက ငွေဖြင့်မောင်းထုတ်ခြင်းနှင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနိုင်ရည်အားနည်း၍ အသက်မွေးဝမ်းကြောင်းလွယ်စေသည့်အလုပ်မျိုးကို ပြောင်းလုပ်ခြင်း အစရှိသည်တို့ကြောင့် မိခင်ရတနာမြေကို ဆုံးရှုံး ကြရသဖြင့် လက်ရှိမျိုးဆက်သစ်လူငယ်များအတွက် မတွေးဝံ့စရာဖြစ်ပြီး၊ နောက်ဆုံးနေစရာနေရာပင် ပျောက်ကွယ်သွားနိုင်သည်။

ယနေ့မြို့ပေါ်ရှိပအိုဝ်းလူမျိုးတို့သည်လည်း မိဘအမွေရတနာမြေကို အကျိုးရှိစွာအသုံးမချနိုင်သဖြင့် မြို့ကြီးနှင့်ဝေးသထက်ဝေးအောင် ဆုတ်ခွာနေရသည်ကို တွေ့ရသည်။ အဓိကအားဖြင့် ယခုရောက်ရာ နေရာဒေသတွင် မိမိ၏အသက်ကို မွေးပေးသော ကိုယ်ပိုင်ရတနာမြေများကို အပေါ်တွင်ဖော်ပြထား သည့်ဆိုးကျိုးများ၊ ဆုံးရှုံးမှုများမခံစားရအောင် ဂရုစိုက်ရန်အထူးလိုအပ်ပေသည်။ ထို့ကြောင့် မိဘအမွေ ဖြင့်သောမြေယာကို မလိုအပ်ဘဲ “မရောင်းပါနှင့် တတ်နိုင်သမျှ ထိန်းသိမ်းပေးပါ။ မျိုးဆက်သစ်လူငယ် မျက်နှာရှေ့ထားကာ မည်မျှတန်းဖိုးရှိသော ရတနာ မျိုးမဆိုမလဲပါနှင့်။ ရွာအပျောက်မခံပါနှင့်။ သန်းကြွယ်သူဌေးမဖြစ်ချင်နေပါ သမာအာဇီဝကျကျနှင့်သာ ကုသိုလ်ယူရင်းနဲ့ အပြည့်အဝချစ်ပေးပါ။ ထိန်းသိမ်းပေးပါ” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

ပအိုဝ်;မူ;ဗွာ
Powered by Blogger.