Saturday, April 7, 2018

လက်တွေ့ကွင်းဆင်း ကြက်သွန်ဖြူပြဿနာများ ရှာဖွေလေ့လာ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၇) ရက်








အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်မှ ကြက်သွန်ဖြူစိုက်ပျိုးရေးပညာရှင် Mr. Micheal ဦးဆောင်သော ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာသင်တန်းမှ သင်တန်းသား/သူများနှင့် ဒေသခံပြည်သူများ အဖွဲ့သည် ၂၀၁၈-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် နောင်ကား(မြောက်)ရွာ၊ ကျောက်နီကျေးရွာအုပ်စု၊ တောင်ကြီးမြို့နယ်၌ ကြက်သွန်ဖြူစိုက်ခင်း၏ ပြဿနာများကို အဖွဲ့(၄)ဖွဲ့ခွဲပြီး လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့လေ့လာကြည့်ရှုရာတွင် ကြက်သွန်ဖြူ၏ စိုက်နည်းစနစ်(ပင်ကြား တန်းကြား၊ အတိမ် အနက် စသည့်)၊ မြေအစိုဓါတ်၊ ပိုးမွှားရောဂါများ၊ မြေသြဇာထည့်ဝင်မှု၊ ရေသွင်းစနစ်၊ အထွက်နှုန်း စသည်များကို လေ့လာမှတ်သားပြီး တစ်ဖွဲ့ချင်းစီ၏ လေ့လာတွေ့ရှိချက် ပြဿနာများကို ကြက်သွန်စိုက်ပျိုးရေးပညာရှင်မှ ကောင်းကျိုးနှင့်ဆိုးကျိုးများ နှိုင်းယှဉ်ကာ အသေးစိတ် ပြန်လည်ရှင်းပြခဲ့ကြောင်းသိရှိရပါသည်။

စိုက်ကွင်း၌ လေ့လာတွေ့ရှိချက်များအပေါ် ကြက်သွန်ဖြူစိုက်ပျိုးရေးပညာရှင် Mr. Micheal မှ အကြံပြုသည်များမှာ မျိုးရွေးချယ်ရာတွင် ရောဂါကင်း၍ အတက် ၁၀ မွှာအောက်ရှိပြီး ဥကြီးသည့် ကြက်သွန်ဖြူများကိုသာ ရွေးချယ်သင့်ကြောင်းနှင့် အပင်ပွားဖြစ်နေသောကြက်သွန်ဖြူကို မျိုးအဖြစ်အသုံးမပြုသင့်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း ကြက်သွန်ဖြူအတက်များကို လဲ၍မစိုက်ဘဲ ထောင်၍သာစိုက်ပျိုးသင့်ကြောင်း၊ လဲ၍စိုက်ပျိုးပါက အပင်ကြီးထွားမှု ၃ ပုံ ၁ ပုံ သာလျှင် သန်စွမ်း၍ အထွက်နှုန်း ၃၀ ရာခိုင်နှုန်းကိုလည်း လျော့ကျစေနိုင်ကြောင်း၊ ပင်ကြားတန်းကြားများကိုလည်း စနစ်တကျ တူညီစွာ စိုက်ပျိုးသင့်ကြောင်း၊ ကြက်သွန်ဖူးထွက်၍ အဖူးများကိုချိုးပြီးနောက် ရေတစ်ကြိမ်သာပေးပြီး ရေပေးခြင်းကို ရပ်တန့်သင့်ကြောင်း၊ ကြက်သွန်ဖြူမနုတ်မီ နောက်ဆုံးလသည် ဥကြီးထွားသည့်ကာလဖြစ်သည့်အတွက်ကြောင့် ပေါင်းပင်များကို ရှင်းလင်းပေးပါက အထွက်နှုန်းတိုးစေကြောင်း၊ အပင်မှ အရွက် ၅ ရွက်ကျန်သည့်တိုင်အောင် ရွက်ဖျန်းမြေသြဇာကို နှစ်ပတ်တစ်ခါ ၄ ကြိမ်ထိ အသုံးပြုသင့်ကြောင်း၊ အရွက် ၅ ရွက်ကျန်သည့်အချိန်တွင် ကြက်သွန်ဖြူသည် မည်သည့်အဟာရကိုမှ မစားသုံးနိုင်သောကြောင့် အစာကြွေးခြင်းကို ရပ်တန့်သင့်ကြောင်း၊ ရိတ်သိမ်းချိန်တွင် မနက်စောစောအချိန်နှင့် ညနေပိုင်းအချိန်တွင်သာ ရိတ်သိမ်းသင့်ပြီး နေရောင်ခြည်ပြင်းပြင်းထိတွေ့ခြင်းမှ ကာကွယ်ရန် အရိပ်အတွင်းသို့ လျှင်မြန်စွာ ရွှေ့ပြောင်းသင့်ကြောင်း စသည်များကို အကြံပြုခဲ့ကြောင်းသိရှိရပါသည်။

ထိုလေ့လာကွင်းဆင်းမှုတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ အကောင်အထည်ဖော်ဆောင်ရွက်နေသော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာအခွင့်အလှမ်းများ တိုးတက်ရရှိရေးစီမံကိန်းမှ ရပ်ကျေးပံ့ပိုးသူ၊ အမျိုးသမီးတောင်သူခေါင်းဆောင်နှင့် နောင်ကား(မြောက်)ကျေးရွာမှ တောင်သူများ စုစုပေါင်း (၅၀)ဦးကျော်ပါဝင်ကြောင်းသိရှိရပါသည်။

ခွန်တကျော်

Powered by Blogger.