Friday, June 15, 2018

လူငယ်များမှတ်သားဖွယ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅)ရက်


ယနေ့ခေတ်တွင် လူငယ်များအနေဖြင့် ဘွဲ့ရဖို့ထက် လူမှုရေးကိုနားလည်တတ်ဖို့ကအလွန်အရေးကြီးပေသည်။ ဘွဲ့ဒီဂရီရရှိသော လူငယ်များမှတ်သားဖို့ရန် ပညာရှင်တစ်ဦး၏ အဆိုအမိန့်ကိုအနည်းငယ်ရေးပြရလျှင် “ယနေ့ဘွဲ့ရလူငယ်တစ်ယောက်သည် မနက်ဖြန်စာပြန်မကြည့်ပါကတစ်ဘက်ခါတွင် စာမတတ်သူသာဖြစ်သည်” ဤအဆိုအမိန့်သည် အလွန်မှန်ကန်သောအဆိုအမိန့်ဖြစ်ပေသည်။

ယနေ့ခေတ် ဘွဲ့ရလူငယ်များအချို့ သည် စာသိဖို့ စာတတ်ဖို့ လိုက်နာကျင့်သုံးဖို့အတွက် မသင်ယူကြပဲ စာမေးပွဲ အောင်ဖို့အတွက်သာ သင်ယူကြခြင်းကြောင့် လူမှုရေးနယ်ပယ်တွင် ကျရှုံးမှုများဖြင့် ရင်ဆိုင်ကြ ရလေသည်။ မူလတန်းအဆင့်တွင် ဆင်ခြင်ဉာဏ်မရှိသော်လည်း အလယ်တန်းမှစ၍ ဘွဲ့ထူးဂုဏ်ထူး ရရှိသည့် တိုင်အောင် ဆရာ/ဆရာများ၏ ဆုံးမသြ၀ါဒနှင့် စာသင်ခန်းတွင် သင်ယူနေရသည့် သင်ခန်းစာများကို သိလိုတတ်လိုသည့် စိတ်ထားဖြင့် သင်ယူခဲ့မည်ဆိုလျှင် ပြောဆိုဆုံးမလွယ်ကူသောသားငယ်/သမီးငယ်များ ဖြစ်ယုံသာမက တိုင်းပြည်ကို ဦးဆောင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာပေလိမ့်မည်။

လက်ရှိတွင် ထိုသို့မဟုတ်ပဲ ဘွဲ့ရလူငယ်များက လူမှုရေးနယ်ပယ်တွင် အပြောအဆို အနေအထိုင်ကအစ ယဉ်ကျေးမှုမရှိတော့ပဲ မိဘဆွေမျိုးများအတွက် အနာဂါတ်တွင် ရင်လေးဖွယ်ရာဖြစ်ပေသည်။ တိုင်းပြည်ပြုပြင် ပြောင်းလည်း ရာတွင် တိုးတက်မည့်အစားဆုတ်ယုတ်သည့်အပိုင်းသို ဦးတည်နိုင်သကဲ့သို့ တိုးတက်အောင်မြင် သော အပိုင်းသို့လည်းရောက်ရှိနိုင်ပါသည်။

ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံစားနေရသော ဂျပန်တိုင်းပြည်သည် ပညာရှိသော လူငယ်စွမ်းအားဖြင့် ပြန်လည် ထူထောင်ရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံအဖြစ် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။ မိမိတို့နိုင်ငံ ပြောင်းလည်းဖို့ရန်အတွက်လည်း ပညာရှိသောလူငယ်များကို လိုအပ်လာမည်ဖြစ်သည်။ ပညာတတ်ရုံသာမပြီးပဲ အကျင့်စာရိတ္တ ကောင်းမွန်ဖို့ လူတကာတို့နှင့် ဆက်ဆံဖို့ လူမှုရေးပညာလည်း လိုအပ်လာမည်ဖြစ်သည်။

ယခုလူကြီး သူကြီးများဦးဆောင်နေသည့် အချိန်အခါတွင် မိမိကအပြစ်တင်မနေကြပဲ ကောင်းကွက်များကို သင်ခန်းစာယူပြီးနောင်တချိန် အမျိုးသားရေးအတွက် ပခုံးပြောင်းထမ်းဆောင်သည့်အခါ ပြန်လည်အသုံးချနိုင်ရန် ကြိုးစားမှတ်သားရမည် ဖြစ်သည်။ လူသားတို့သည် တစ်ဦးတစ်ယောက် တစ်အိုးတစ်အိမ်သာ နေထိုင်လို့ မရပဲ စုပေါင်းစနစ်ဖြင့် နေထိုင်သွားကြရမည်ဖြစ်သည်။

ထိုသို့နေထိုင်ရာတွင် အမြင်မတူသူများနှင့် အကြံမတူသူများအတူတကွ နေထိုင်ကြသည့်အခါ ထာဝရလက်တွဲဖြင့် နေထိုင်နိုင်အောင် ကိုယ့်ကိုလည်းပြုပြင် သူတစ်ပါး၏ ကောင်းကွက်ကိုလည်း ကြည့်တတ်ဖို့ အလွန်အရေးကြီးသည်။ အချို့သောသူများသည် မိမိကောင်းအောင်လည်းမပြုပြင် သူတစ်ပါးကောင်းကွက်ကို လည်းမကြည့်တတ် အမြဲတမ်းပြစ်တင်ခြင်းဖြင့် လူမှုရေးပြဿနာကို ဖြေရှင်းရာမရောက်ပဲ မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်း နစ်ရာအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။ လူသားတို့၏စိတ်သည် ဆင်းရဲဒုက္ခရောက်နေကြ သူတွေကို စွန့်ကြဲသနားပေးကမ်းတတ်ပေမယ့် အောင်မြင်နေသောလူများကိုကရုဏာစိတ်ထားရှိမယ့်အစား မနာလိုဝန်တိုစိတ်များကြောင့် မိမိတို့နေထိုင်ရာဒေသ၊ တိုင်းပြည်ဆုတ်ယုတ်ရသည်မှာ လူငယ်များသိထားဖို့ လိုအပ်မည်ဖြစ်သည်။

ယခုလူငယ် နောင်ဝယ်လူကြီး ဖြစ်လာမည့် လူငယ်မောင်မယ်များတို့  မိမိတို့နေထိုင်ရာဒေသ၊ တိုင်းပြည်အမှန်တစ်ကယ်ပြုပြင် ပြောင်းလည်းချင်စိတ်ထားကြမည်ဆိုပါက ပညာတတ်အောင်သင်ရမည်၊ စာများများ ဖတ်ရမည်၊ ကိုယ်ကျင့်စာရိတ္တကောင်းရမည်၊ မကောင်းလျှင် ကောင်းအောင်ဘာသာတရားလိုက်စားရမည်၊ တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာချစ်စိတ်ထားရှိရမည်ဖြစ်ကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ရပါသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.