Thursday, June 14, 2018

အထူးဒေသ(၆) ကျောက်တလုံးကြီးမြို့နယ်၊ ထီခွအခြေခံပညာမူလွန်ကျောင်းတွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄)ရက်








အထူးဒေသ(၆)၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခွကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ (၂၀၁၇-၂၀၁၈) ဘဏ္ဍရေးနှစ် ငွေလုံးငွေရင်းအောက်မှ ဘတ်ဂျတ်ဖြင့် ဆောက်လုပ်ပေးခဲ့သော တစ်ထပ်တိုက်ကျောင်းဆောင်ကို ၂၀၁၈-ခုနှစ်၊ ဇွန်လ(၁၄)ရက်၊ နံနက် (၁၀း၃၀)အချိန်တွင် ကျောင်းဆောင်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပညာရေးတာဝန်ခံ ဖြားအုန်းငွေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃)ဖြားခွန်တင်ထွဋ်၊ မူလွန် ထီခွကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်မေအေး၊ မိသားစု (၂၅) နယ်မြေမှူး(အ.ထ.က) ကျောက်တလုံးကြီးမြို့ ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်လွင်၊ ရပ်မိရပ်ဖကိုယ်စား ဖြားခွန်ကြုတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ (အ.ထ.က)ကျောက်တလုံး ကျောင်းအုပ်ကြီး ဦးစိုးတင့်လွင်တို့ကလည်း အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ကျောင်းဆောင်နှင့်ပတ်သက်သော စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင် ထံသို့ပေးအပ်ခဲ့ပြီးနောက် ထီခွမူလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်မေအေးနှင့် ရပ်မိရပ်ဖကိုယ်စား ဖြားခွန်ပန်းစိန်က ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပေ (၉၀×၃၀) တစ်ထပ်ကျောင်းဆောင်ကို နိုင်ငံတော်အစိုးရ၏ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်  (ငွေလုံးငွေရင်း) ဘတ်ဂျတ်အောက်မှ ခွင့်ပြုငွေ ၄၀.၅ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပညာရေးတာဝန်ခံ ဖြားအုန်းငွေ၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ် နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အခြေခံပညာမူလွန် ထီခွမှကျောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ထီခွ ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ယံသေ
Powered by Blogger.