Sunday, June 10, 2018

(LIFT)၏ ထောက်ပံ့မှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့် IOM တို့ ပူးပေါင်း၍ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၁) ရက်





တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူ လုံရေးရန်ပုံငွေ (LIFT)၏ ထောက်ပံ့မှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်IOM တို့ ပူးပေါင်းကာ ခိုင်ခံ့သော အုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် လုပ်သားရွှေ့ပြောင်းသွားလာမှု၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးဆက်များကို တိုးမြှင့်အောင်ပြုလုပ်ခြင်း (တွဲလက်)စီမံကိန်း၏ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ ကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ကမ္ဘာ့နည်းတူ ရွှေ့ပြောင်းအလုပ်သမားပြဿနာတွေ အများကြီး ရှိနေတယ်၊ မြန်မာနိုင်ငံကနေ တခြားတိုင်းပြည်ကို သွားရောက်အလုပ်လုပ်တဲ့အခါ တရားဝင်သွားတဲ့သူတွေ ရှိသလို တရားမ၀င်နည်းလမ်းနဲ့ သွားတာတွေရှိနေတယ်၊ တရားဝင်သွားရင်တော့ ပြဿနာမရှိပေမယ့် တရားမ၀င်သွားရင်တော့ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာမရှိဘူးပေါ့၊ တစ်ဖက်တစ်လမ်း ကနေ နိုင်ငံတော် ဂုဏ်သိက္ခာရှိအောင်၊ သွားမယ့်သူတွေလည်း အခက်အခဲမရှိရလေအောင် ရည်ရွယ်ပြီး ဖွင့်လှစ်ရတာဖြစ်တယ်။ (တွဲလက်)စီမံကိန်းအနေနဲ့ကတော့ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်၊ ရပ်စောက်၊ ဖယ်ခုံ၊ (၈)မြို့နယ်မှာရှိတဲ့ သင်တန်းသား(၅၀၀)ပြည့်အောင် ပေးသွားမယ်၊ သင်တန်းသား ရွေးချယ်တဲ့အခါမှာလည်း တခြားတိုင်းပြည်ကို အသွားများတဲ့ ဒေသက လူငယ်တွေကို အဓိက ရွေးချယ်ပါတယ်။ သင်တန်းပြီးသွားရင် ကုမ္ပဏီများကို ဖိတ်ခေါ်ပြီးတော့ လူငယ်တွေ အလုပ်အကိုင် အခွင့်အလှမ်းရရှိလာအောင် ဒီမှာ job fair ကို လုပ်ပေးသွားမယ်" ဟု ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် ဦးအောင်ခင်က ပြောကြားပါတယ်။

ယခု သင်တန်းသည် ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ၂၀၁၇၊ခုနှစ်တွင်း ဖွင့်လှစ်သည့် ပထမတစ်ကြိမ်သင်တန်းတွင် သင်တန်းသား(၁၅၁)ဦး၊ ယခု ဒုတိယအကြိမ်သင်တန်းတွင် သင်တန်းသား(၃၃၈)ဦး တက်ရောက်ကြကြောင်း သိရပါတယ်။ ပထမတကြိမ်တွင် စာရင်းကိုင်၊ အလှပြင်၊ စက်ချုပ်၊ ဆိုင်ကယ်နှင့်အင်ဂျင်စက် ပြုပြင်ခြင်း၊ ကွန်ပျူတာနှင့်အင်္ဂလိပ် သင်တန်းများသာ ပါဝင်သော်လည်း ယခု ဒုတိယအကြိမ်မှာတော့ ဂဟေဆက်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ လက်သမား/ပန်းရံ၊ စားဖိုမှူး၊ မုန့်ဖုတ်၊ ကားပြင်၊ ကျားဆံပင်ညှပ်၊ ဖုန်းပြင် သင်တန်းများလည်း ပါဝင်လာကြောင်း သိရပါတယ်။ သင်တန်းအမျိုးအစားအလိုက် (၃)လ (၂)လစသည်ဖြင့် ဆိုင်ရာအလိုက် အချိန်ကာလအလိုက် သင်ကြားပေးသွားမယ် ဖြစ်ကြောင်း သိရပါတယ်။

ယနေ့ဖွင့်ပွဲအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသူ/သားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရပါတယ်။

ခွန်ဓဇ
Powered by Blogger.