တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်
၂၀၁၀ ခုနှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မြန်မာစတင်ဝင်ရောက်ခဲ့သည်။ သံတမန်ဆက်ဆံရေးများကို ဥရောပနိုင်ငံများဘက်သို့ ပိုမိုဦးတည်ခဲ့ပြီး တရုတ်အားအစဉ်အဆက်ဦးမှီခိုသည့် မူဝါဒဆက်ဆံရေးသည်လည်း နေ့ချင်းညချင်း ရုတ်ချည်းပြောင်းလဲခဲ့သည်။ ယခင်တွင် ဥရောပ၏ ဖိအားပေးအရေးယူပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှု အားကောင်းခဲ့သော်လည်း အသွင်ကူးပြောင်းပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မြန်မာပြန်လည်စတင် အခြေချချိန်တွင် မြန်မာအပေါ် တရုတ်လွှမ်းမိုးမှုလျော့ကျလာပြီး နှစ်နိုင်ငံဆက်ဆံရေးတွင်လည်း တရုတ်အတွက် ထိတ်လန့်မှုဖြစ်စေခဲ့ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ တောင်ပြိုကမ်းပြို အနိုင်ရရှိပြီး NLD အစိုးရတက်လာချိန်တွင် တရုတ်အတွက် စိုးရိမ်စိတ် ပိုမိုဖြစ်ပေါ်စေခဲ့ပါသည်။ NLD အစိုးရသည် ဥရောပနိုင်ငံများနှင့် ပိုမိုနီးစပ်သည်နှင့်အညီ နိုင်ငံတကာစီးပွားရေးမျက်နှာစာနှင့် သံတမန်ဆက်ဆံရေးများကို အနောက်ဥရောပနိုင်ငံများနှင့် ပိုမိုဖွင့်လှစ်ပြီး ဆက်ဆံရေးတည်ဆောက်သွားမည်ဟု တရုတ်က ထင်မြင်ယူဆချက်ရှိခဲ့ပြီး လက်တွေ့တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးများကို ဥရောပနိုင်ငံများနှင့် ပိုမိုဖွင့်လှစ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံသည် ရေခံမြေခံအကျိုးပေးမှု အားနည်းခဲ့ပြီး အားကောင်းမောင်းသန်မှု ရပ်တန့်နေခဲ့သည်။ ငြိမ်းချမ်းရေးပဋိပက္ခများ၊ နိုင်ငံရေးပဋိပက္ခများနှင့် လူမျိုးရေးပဋိပက္ခများ တစ်နေ့တစ်ခြား အားကောင်းလာပြီး ထိုအပေါ် အစိုးရ၏ ဖြေရှင်းပုံဖြေရှင်းနည်းများကို အနောက်ဥရောပနိုင်ငံများမှ ဘဝင်မကျဖြစ်ခဲ့သည်။ ပိုမိုဆိုးရွားသည်မှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခ အကျပ်အတည်းကို ကိုယ်တွင်ဖြေရှင်းရာတွင် အီးယူမှ အပြင်းအထန်ရှုတ်ချခြင်းခံခဲ့ရသည်။ ထိုအကျိုးဆက်များကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ပြန်လည်စဉ်းစားရမည်ဟု ပြောဆိုဝေဖန်သံများလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအကျပ်အတည်းများကြောင့် ဥရောပနိုင်ငံများမှ သံတမန်ဆက်ဆံရေးများနှင့် ယုံကြည်မှုများအားနည်းလာပြီး မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှု တဖန်ပြန်လည် အားကောင်းလာစေခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ရခိုင်ပြည်နယ်အရေး စသည့် ပကတိအခြေအနေများကြောင့် တရုတ်သြဇာလွှမ်းမိုးမှု တဖန်များပြားလာပြီး တရုတ်၏ မဟာဗျူဟာမြောက်စီမံကိန်းများ အကောင်အထည်ဖေါ်လာရာတွင် အသာစီးရယူထားသည့် အခြေအနေ ဖြစ်လာစေခဲ့ပါသည်။ နိုင်ငံ၏ အကျပ်အတည်းများကြောင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုရပ်တန့်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည်လည်း ယခင်မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည်တိုင် ပိုမို၍ ဆိုးရွားလာကာ ယခုအချိန်တွင် ဥရောပနိုင်ငံများမှ ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြုပ်နှံရန် အလားအလာမရှိသလောက်ပင် ဖြစ်လာပါသည်။ ဤအချက် များကြောင့် မြန်မာသည် တရုတ်ဘက် ပြန်လည်ယိမ်းလာနိုင်သည့် မူဝါဒအနေအထားများ ရှိနေနိုင်သည်။
ရခိုင်ပြည်နယ်အရေးအခင်းကြောင့် မြန်မာသည် တရုတ်နှင့် ပိုမိုနီးစပ်သွားပြီး ထိုအရေးအခင်း ကြောင့်လည်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအပေါ် တရုတ်အတွက် အသက်ရှုချောင်စေသည်။ အစဉ် အဆက်တွင်လည်း ကမ္ဘာ့ကုလသမဂ္ဂကောင်စီ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့တွင် မြန်မာနိုင်ငံ အတွက် တရုတ်က အကာအကွယ် အစဉ်ပြုလုပ်ပေးလျက်ရှိသကဲ့သို့ သိပ်မကြာခင်ကာလတွင်လည်း အကာအကွယ်တစ်ခု ထပ်မံပြုလုပ်ပေးခဲ့ပါသည်။ ရခိုင်ပြည်နယ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ရန် အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ရာ နိုင်ငံပေါင်း (၃၅)နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ဘူရွန်ဒီနိုင်ငံများက ကန့်ကွက်မဲ ပေးခဲ့ကြသည်။ ရခိုင်ပြည်နယ်အကျပ်အတည်းသည် နိုင်ငံတကာအဆင့် ဖြေရှင်းရမည့်ပြဿနာ မဟုတ် ကြောင်းနှင့် ပြည်ပက ကြားဝင်ဖြေရှင်းမှုများကို လက်ခံနိုင်မည်မဟုတ်ကြောင်းကို တရုတ်က ပြောဆိုထား သည်။ နိုင်ငံတကာကြိုးဝိုင်းတွင် အသက်ယဲ့ယဲ့လေးသာ ကျန်ရှိတော့သည့် မြန်မာနိုင်ငံကို တရုတ်၏ အသက်ကယ်ဆေးဖြင့် အသက်ဆက်ခဲ့ရပြန်သည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက် နိုင်ငံများ၏ ဖိအားပေးမှုကြောင့် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုခိုင်မြဲစေပြီး မြန်မာသည် တရုတ်နှင့် ပိုမိုနီးစပ်သွားစေသည်ဟု သုံးသပ်ပါသည်။
မြန်မာနိုင်ငံနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဝင်ရောက်လာချိန်တွင် တရုတ်ကို ဖယ်ခွာပြီး ဥရောပဘက်ကို ပိုမိုအားပြုကာ လက်ရှိ မြန်မာနိုင်ငံ၏အစိုးရလက်ထက်တွင် ၎င်းတို့အတွက် ခက်ခဲနိုင် ကြောင်းဟု တရုတ်တို့က ယုံကြည်ထားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် NLD သည် အနောက် ဥရောပများနှင့် ပိုမိုနီးစပ်ခြင်းပင်ဖြစ်သည်။ သို့သော် လက်တွေ့ပကတိအခြေအနေများတွင် ဥရောပဘက် ကို အားပြုခဲ့သော မူဝါဒများသည် တရုတ်ဘက်သို့ ပြန်လည်ဘက်ပြောင်းလာသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ကို ရှောင်ပြေး၍မရ။ ရှောင်ပြေးလေ ထိတ်တိုက်တွေ့ဆုံရလေ ဖြစ်လာသည်။ ယခုလက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းဆောက်လုပ်ရေး၏ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။ အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန်၊ ရန်ကုန်မှ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းအထိ ဖြစ်သည်။ တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု(One Belt One Road) စီမံကိန်းတွင် ပါဝင်သည့် ရေရှည်တရုတ်နိုင်ငံ၏ အကျိုးစီးပွား စီမံကိန်းလည်းဖြစ်သည်။ စာရေးသူအနေဖြင့် ၂၀၁၆ ခုနှစ်၊ မေလတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံရေးအခြေအနေများကို အနည်းငယ် လေ့လာခွင့်ရရှိခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးကိုလည်း အနည်းငယ်လေ့လာသိရှိရပါသည်။
ဥရောပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ တရုတ်ကလာရောက်ရင်းနှီးမြုနှံမည်မှာ သေချာသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်အပေါ် မည်သည့်အရာများကို မျှော်လင့်ပြီး မည်သည့်အရာများအား မလိုချင်ကြောင်း စသည်များကို ရှင်းလင်းစွာသိရှိရန်လိုသည်။ တရုတ်အနေဖြင့် သေချာသည်မှာ ၎င်းတို့နိုင်ငံအတွက် အနာဂတ်အကျိုးစီးပွားဖြစ်သည့် ဂက်(စ်)၊ ရေနံ၊ လျှပ်စစ် စသည်တို့ကို ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်ထံမှ မည်သည့် အကျိုးစီးပွားကို မျှော်လင့်ပါသလဲ? နည်းပညာလား? အခွန်ငွေပဲလား? ။
အသွင်ကူးပြောင်းပြီးစ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာကြိုးဝိုင်းအတွင်း ဝင်ရောက်ကစားချိန်တွင် တရုတ်ကို အစဉ်အဆက်မှီခိုသည့် မူဝါဒမှ ဖယ်ခွာခဲ့သော်လည်း ရှောင်ပြေးလေ တရုတ်နှင့်တည့်တိုးလေ ဖြစ်ရလေပြီ။ ယနေ့အချိန်အထိ တရုတ်၏ လောင်းရိပ်အောက်က မလွတ်သေးပေ။ တရုတ်၏ ငယ်နိုင်က ငယ်နိုင်ပင် ဖြစ်နေဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်၏ လောင်းရိပ်အောက်မှ လွတ်မြောက်မှုမရှိသေးသော်လည်း တရုတ်အပေါ် မြန်မာနိုင်ငံ၏ ပေးဆပ်မှုထုထည် ကြီးမားမှုမရှိစေရန်သာ မျှော်လင့်ရတော့မည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံ နလန်ထူရန် ရွှေပြည်တော် မျှော်ရန်ဝေးလိမ့်ဦးမည်ဖြစ်ကြောင်း သုံးသပ်ရေးသားရပါသည်။
Kka Sp (REF; CHINA’S MULTI-LAYERED ENGAGEMENT STRATEGY AND MYANMAR’S REALITY )
Like On Facebook
Follow On Twitter
Subscribe On RSS