Friday, November 16, 2018

အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိလူမျိုးကို မြှင့်တင်ပါ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်




နိုင်ငံသားတိုင်းသည် အစိုးရဌာနဆိုင်ရာနှင့် ကင်းကွာ၍ မရပေ။ နေ့စဉ်နှင့်အမျှ တစ်နည်းတစ်ဖုံ ထိတွေ့ဆက်ဆံနေကြရသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အစိုးရဌာနဆိုင်ရာသည် နိုင်ငံသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ဝန်ဆောင်မှုပေးသော နေရာဖြစ်သည်။

နိုင်ငံတော်တည်ဆောက်ရာ၌ နိုင်ငံ့ဝန်ထမ်းများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို ငြင်းဆို၍ မရပေ။ နိုင်ငံတော်သည် မူဝါဒချမှတ်ပြီး နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ပေးသူများ ဖြစ်ကြသည်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်ကို ကျေးဇူးဆပ်ရာ ရောက်သကဲ့သို့ မိမိတို့လူမျိုး၊ ဒေသအတွက်လည်းများစွာဂုဏ်ယူရပါသည်။ အစိုးရဝန်ထမ်းတွင် မိမိတို့ ပအိုဝ်းလူမျိုးမရှိခဲ့ခြင်းကြောင့် မိမိတို့ရသင့်ရထိုက်သော အခွင့်အရေးများကို ဆုံးရှုံးမြဲ ဆုံးရှုံးခဲ့ရလေပြီဖြစ်သည်။ ထို့ပြင် အစိုးရဌာနဆိုင်ရာတွင် မိမိတို့လူမျိုးမရှိသောကြောင့် အရေးကိစ္စတစ်စုံတစ်ခုနှင့် ကြုံလာတိုင်း မိမိတို့ မည်ကဲ့သို့  အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်၊ မျက်နှာငယ်ခဲ့ရသည်ကို မိမိတို့အသိဆုံးပင်ဖြစ်သည်။

အစိုးရဌာနဆိုင်ရာသည် နိုင်ငံတော်၏ ယန္တရားကို ဖော်ဆောင်ပေးသည့် နေရာ၊ ပြည်သူများကို ဝန်ဆောင်မှုပေးသည့်နေရာဖြစ်သောကြောင့် မိမိတို့လူမျိုးမရှိနေသေးသရွေ့(သို့) နည်းနေသေးသရွှေ့အစိုးရဌာနဆိုင်ရာမှ ပေးသည့်ဝန်ဆောင်မှုများကို ရရှိခံစားနိုင်သော အခွင့်အရေးများ လွှဲချော်နေရဦးဖြစ်သည်။

အစိုးရဌာနဆိုင်ရာဟု ဆိုရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများအားလုံးကို ဆိုလိုပါသည်။ ဥပမာအားဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စသဖြင့် အစရှိသောဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန အားလုံးပါဝင်မည်ဖြစ်သည်။ (ဥပမာ- ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် လဝက၊ ကညန၊ ထွေအုပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့ စသဖြင့်) တို့ဖြစ်သည်။

အဆိုပါ အစိုးရဌာနဆိုင်ရာတွင် တာဝန်ထမ်းဆောင်ခြင်းအားဖြင့် မိမိဘဝအတွက် အာမခံချက်ရှိခြင်း၊ မိမိဘဝအတွက် အတွေ့အကြုံသစ်ရရှိပြီး မိမိကိုယ်ကို ယုံကြည်မှုရှိလာခြင်း၊ မိမိရပ်ရွာဒေသကို အကျိုးပြု၊ ထိန်းကြောင်းပေးနိုင်ခြင်း၊ မိမိတို့လူမျိုး ဂုဏ်အင်္ဂါလက္ခဏာများ ထင်ရှားပေါ်လွင်ခြင်း၊ သူတစ်ပါးက မိမိတို့လူမျိုးအပေါ်အထင်သေးမှု မပြုခြင်း၊ နိုင်ငံတော်မှ ပေးအပ်သော ဝန်ဆောင်မှု၊ အခွင့်အရေးများကို တန်းတူညီစွာ ခံစားနိုင်ခြင်း၊ နိုင်ငံတာဝန်ကို တစ်ဖက်တစ်လှမ်းမှ ကူညီဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

လက်ရှိ အစိုးရဌာနဆိုင်ရာများတွင် မိမိတို့ပအိုဝ်းလူမျိုးများ တာဝန်ထမ်းဆောင်နေမှုသည် လူဦးရေအား ဖြင့် နှိုင်းယှဉ်လျှင် အင်မတန် အလွန်နည်းပါးလှပါသည်။ အစိုးရဌာနဆိုင်ရာများ၌ အခြားသောသူကို လက်ညိုထိုးမြင်နေရသည့်အချိန်တွင် မိမိတို့လူမျိုးများမှာ ပတ္တမြားကဲ့သို့ ခက်ခက်ခဲခဲ ကြံဖန်ရှာနေရသည့် အခြေအနေတွင် ရှိနေပါသေးသည်။ ဤသည်မှာ အနာဂတ်တွင် မိမိတို့လူမျိုးအတွက် ကောင်းသော လက္ခဏာမဟုတ်ပါ။ ယနေ့အချိန်အခါတွင် နိုင်ငံတော်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော်နေသော ကာလဖြစ်သည်။ ဖက်ဒရယ်ဟုဆိုရာတွင် မိမိတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မိမိတို့ကိုယ်တိုင်ဖန်တီးခွင့်ရှိသည်။ ဤသို့ဆိုလျှင် အဆိုပါအခွင့်အရေးများ မိမိတို့ရှေ့မှောက်တွင် ကျရောက်လာလျှင် မိမိတို့အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှသာ အများ၏ ကဲ့ရဲ့မှုနှင့် လွတ်ကင်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ယခုလက်ရှိ အချိန်တွင် မိမိတို့အတွေ့အကြုံကောင်းများ ရှိထားရန် လိုအပ်ပါသည်။

မိမိတို့ပအိုဝ်းလူမျိုးတွင် တန်ဖိုးမဖြတ်နိုင်သောအရာတစ်ခု ရှိနေသည်။ ၄င်းမှာ “စည်းလုံးညီညွတ်မှု”ပင် ဖြစ်သည်။ ဤ “စည်းလုံး ညီညွတ်မှု”ဖြင့် မိမိတို့၏ ဓလေ့ထုံးစံ၊ အမျိုး၊ဘာသာ၊သာသနာကို ထိန်းသိမ်းခဲ့သည်။ ဤ “စည်းလုံးညီညွတ်မှု”ကြောင့် မိမိတို့လူမျိုးကို လူသိများလာခဲ့သည်။ ဤ “စည်းလုံးညီညွတ်မှု”ဖြင့် မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းသိမ်းနေသည်။ ယခုအချိန်တွင် ဤ “စည်းလုံးညီညွတ်မှု”ကို အဆင့်မြှင့်၍ အစိုးရဌာနဆိုင်ရာများတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ပါသည်။

ဆက်သွယ်ရေးကွန်ယက် အားကောင်းနေသော ယနေ့ခေတ်တွင် အစိုးရဌာနဆိုင်ရာ၌ တာဝန်ထမ်းဆောင်နိုင်သည့် အခွင့်အရေးကို အစဉ်အမြဲ အာရုံစိုက်နေရန် အရေးကြီးလှပါသည်။ အဆိုပါ အခွင့်အရေးများ ပေါ်လာပါက အမိအရ ဖမ်းဆုပ်နိုင်ရန်အတွက် မိမိတို့သည်လည်း ကြိုတင်ပြင်ဆင်မှုများ ရှိထားရန် လိုအပ်ပါ သည်။ စိတ်ဆန္ဒပြင်းပြနေသူအတွက် အခွင့်အရေးသည်လည်း တံခါးဖွင့်နေမည်မှာ အမှန်ပင်ဖြစ်သည်။ 

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် အစိုးရဌာနဆိုင်ရာများတွင် ပအိုဝ်းမောင်မယ်များ တာဝန်ထမ်း ဆောင်နိုင်ရန်တွက် အခွင့်အရေးရလျှင် ရသလို ကူညီဆောင်ရွက်လျက် ရှိနေပါသည်။ လူမျိုးတစ်မျိုး ပညာတတ်သည် မတတ်သည်ကို အများအားဖြင့် အစိုးရဌာနဆိုင်ရာ၌ တာဝန်ထမ်းဆောင်နေမှုဖြင့် တိုင်းတာတတ်ကြသည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးကို မြှင့်တင်လိုသောအားဖြင့် မိမိတို့ပအိုဝ်းမောင်မယ်အနေဖြင့် ကိုယ်တိုင်စုံစမ်း၍ ဖြစ်စေ၊ တစ်ဆင့်ကြားသိရ၍ဖြစ်စေ အဆိုပါအစိုးရဌာနဆိုင်ရာများ အလုပ်ခေါ်ပါက အားလုံးလျှောက်ထားနိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ခွန်ထင်;လေအောင်;
Powered by Blogger.